ငွေများလာအပ်နှံ

April 28, 2021

ငွေများလာအပ်နှံကြရန် အကြမ်းဖက်စစ်အုပ်စုသိမ်းပိုက်ထားတဲ့ ဗဟိုဘဏ် ဖိတ်ခေါ်

ပြည်သူတွေအနေနဲ့ လက်ဝယ်ရှိ ငွေသားတွေ လုံခြုံမှုအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ ငွေလာအပ်ကြဖို့  အကြမ်းဖက်စစ်အုပ်စုသိမ်းပိုက်ထားတဲ့ ဗဟိုဘဏ်က  ဧပြီလ ၂၇ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

အခုအချိန် ပြည်သူတွေအနေနဲ့ လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်နေကြောင်း ပြည်သူတွေအနေနဲ့  လက်ဝယ်ရှိ ငွေသားတွေ လုံခြုံမှုအတွက် ဘဏ်တွေမှာ အပ်နှံလိုပါက အထူးကိစ္စရပ်အနေနဲ့  မေလ ၃ ရက်နေ့မှစပြီး ဘဏ်တွေမှာ ဘဏ် စာရင်းအသစ်တွေ ဖွင့်လှစ်ကာ ငွေသားအပ်နှံထည့်သွင်းခွင့်ပြုမယ်လို့ဆိုပါတယ်။

အဆိုပါဘဏ်စာရင်း အသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမယ်လို့လည်းဆိုပါတယ်။

မေလ ၃ ရက်နေ့မတိုင်မီ ဘဏ်တွေမှာ  စာရင်းဖွင့်လှစ်ထားသူတွေကိုတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူလငွေထုတ်ကန့်သတ်ချက်တွေ အတိုင်း ငွေသား ဆက်လက်ထုတ်ယူခွင့်ပြုမှာဖြစ်ပြီး အဆိုပါငွေထုတ်ကန့်သတ်ချက်ကိုလည်း ဖြေလျှော့ပေးသွားဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေကနေ မနေ့ညက ကြေညာပါတယ်။

နိုင်ငံတော်အာဏာကို  အကြမ်းဖက်စစ်အုပ်စုက  လက်နက်အားကိုးနဲ့ မတရားရယူသိမ်းပိုက်လိုက်ပြီးနောက် ပြည်သူတွေက ဘဏ်တွေကို အယုံအကြည်မရှိတော့ဘဲ အပ်ထားတဲ့ ငွေတွေပြန်ထုတ်ယူနိုင်ဖို့  နေ့စဉ်ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

7 months Ago
Up