ငွေတိုက်စာချုပ်

November 30, 2021

NUG ငွေတိုက်စာချုပ်ဝယ်ယူသည့် ပမာဏများပြားလွန်း၊ ရောင်းချသည့်လုပ်ငန်းစဉ်ကို ခေတ္တရပ်နားမည်

ငွေတိုက်စာချုပ်ရောင်းချတဲ့ လုပ်ငန်းစဉ်ကို နိုဝင်ဘာ ၂၉ ရက်ကစပြီး ခေတ္တရပ်နားထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီနေ့မနက် ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အချိန်တိုအတွင်း ငွေတိုက်စာချုပ်ဝယ်ယူတဲ့ ပမာဏ များပြားလွန်းတဲ့အတွက်  သက်ဆိုင်ရာ ဘဏ်တွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ညှိနှိုင်းဆောင်ရွက်ဖို့  လိုအပ်လာကြောင်း၊  ငွေတိုက်စာချုပ် ရောင်းချတဲ့ လုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၆ ရက်မှာ ပြည်လည်ရောင်းချပေးသွားမယ်လို့ လည်း ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အထူးငွေတိုက်စာချုပ်တွေကို စတင်ရောင်းချခဲ့တာ တစ်ပတ်တိတိရှိပြီဖြစ်ပြီး အခက်အခဲတွေ စိန်ခေါ်မှုများကြားမှ တော်လှန်ရေးအောင်စိတ်၊ ပြင်းပြတဲ့ဆန္ဒ၊ ပြတ်သားတဲ့ သန္နိဋ္ဌာန်နဲ့ အားထုတ်ဝယ်ယူကြတဲ့အတွက် လေးစားစွာ ဦးညွှတ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရောင်းချခဲ့တဲ့ ငွေတိုက်စာချုပ်တွေကို အချိန်မီထုတ်ဝေပြီး ပြန်လည်ပေးပို့သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း Order ID ရယူထားပြီးသူများအနေနဲ့ သက်ဆိုင်ရာဘဏ်စာရင်းသို့ ငွေလွှဲသည့်လုပ်ငန်းစဉ်ကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်တယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အထူးငွေတိုက်စာချုပ်တွေကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်ရောင်းချခဲ့ရာမှာ စတင်ရောင်းချပြီး ၂ နာရီအတွင်းမှာတင် အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ရောင်းချခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ဒီဗွီဘီကို ပြောပါတယ်။

2 months Ago

November 24, 2021

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က NUG ငွေတိုက်စာချုပ်ဝယ်ယူအားပေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချနေတဲ့ ငွေတိုက်စာချုပ်ကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် (BTO-PDA) က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

''အခက်အခဲတွေကြားက အလှူငွေပေါများနေလို့တော့ မဟုတ်ပါဘူး။ ဒေါ်လာ ၁၀၀ တန် ဝယ်ယူပြီး NUG ကို တတ်နိုင်တဲ့ဘက်က ကူညီတဲ့အနေနဲ့ သမိုင်းတခုရေးထိုးလိုက်တာပါ'' လို့ BTO-PDA ရဲ့ ဘဏ္ဍာရေးတာဝန်ခံက  ပြောပြပါတယ်။

အခုတိုက်ပွဲဟာ စစ်အာဏာရှင်ကို မြန်မာ့မြေပေါ်ကနေ အမြစ်ပြတ် အပြီးတိုင်မောင်းထုတ်တဲ့အရေးတော်ပုံအောင်မြင်တော့မှာဖြစ်လို့ ပြည်သူလူထုအနေနဲ့လည်း NUG ကရောင်းချတဲ့ ငွေတိုက်စာချုပ်အပါအဝင် အောင်လံလွှင့်ချီနွေဦးထီတွေကိုလည်း ဝယ်ယူကြဖို့ တိုက်တွန်းလိုပါတယ်လို့ ဆက်လက်ပြောပြပါတယ်။

အထူးငွေတိုက်စာချုပ်ဝယ်ယူဖို့ လျှောက်လွှာတင်တာကို လက်ခံရရှိပြီးစိစစ်ကာ ရုံးဖွင့်ရင် ၁၄ ရက်အတွင်း အထူးငွေတိုက်စာချုပ်ပြန်လည်ပေးပို့မယ့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ အကြောင်းပြန်ကြားစာကို နိုဝင်ဘာ ၂၃ ရက်နေ့ကလက်ခံရရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အထူးငွေတိုက်စာချုပ်တွေကို နိုဝင်ဘာ ၂၂ ရက်မှာ စတင်ရောင်းချခဲ့တဲ့ ပထမတစ်ရက်တည်း  အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်းကျော် ရောင်းချပြီးဖြစ်တယ်လို့သိရပါတယ်။

2 months Ago
More News
Up