ငွေဆောင်မြို့

January 25, 2022

ငွေဆောင်မြို့ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ဘုန်းမောင်ကျိုင်ရွာက ဒေသခံပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီ တပ်သားတွေက ဇန်နဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ငွေဆောင်ကမ်းခြေ ဘူးကွဲမှာရှိတဲ့ အထိုင်တပ်က ရွာထဲကို အင်အားအများအပြားနဲ့လာရောက်ပြီး ဒေသခံ ပြည်သူ ၂၀ ကျော်လောက်ကို PDF တွေနဲ့ အဆက်သွယ်ရှိတယ် စွပ်စွဲကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ရွာကို လက်နက်အပြည့်အစုံနဲ့ ဝင်စီးတာ။ အဲ့လိုပုံစံမျိုး။ ပြီးတော့ နာမည်စာရင်းနဲ့ လာတာ ရွာကို ပိတ်ပြီးတော့ ဘယ်သူမှပေးမထွက်ဘဲ ဖမ်းတာ ဘယ်ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး၊ ဘယ်သူမှလည်း ပြန်လွတ်မလာသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

ရွာသားတွေ ဖမ်းဆီးခံရတာဟာ ရွာခံတဦးက PDF နဲ့အဆက်သွယ်ရှိတယ်ဆိုပြီး စာရင်းပေးလိုက်တာကြောင့် နယ်မြေခံရဲတွေမပါဘဲ စစ်တပ်က သီးသန့်လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးသွားတဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး နောက်တရက်မှာ ငွေဆောင်ရဲစခန်းကိုပို့ဆောင်ပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

7 months Ago

September 5, 2020

ငွေဆောင်မြို့ သလပ်ခွာစျေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၁၀ ခန်း ဆုံးရှုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သလပ်ခွာစျေးမှာ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက စျေးအတွင်းမီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဆိုင်ခန် ၁၀ ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်ကျွမ်းမှုမှာ မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး လူနဲ့ တရိစ္ဆာန်သေဆုံး ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိဘူးလို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက DVB ကိုပြောပါတယ်။ "သတင်းကြားတာနဲ့ ကျနော်တို့ရောက်သွားပါတယ်၊ မီးကတော့ မိနစ် ၃၀ လောက်ကြာမယ် လောင်တာ၊ လူသေတာတို့ ဒဏ်ရာရတာမျိုးတွေတော့ မရှိပါဘူး၊ အားလုံးဝိုင်းငြှိမ်းတော့ ၁၀ ခန်းလောက်တော့ မီးထဲပါသွားပါတယ်" လို့ ပြောပါတယ်။ မီးလောင်တဲ့ ဆိုင်ခန်းရဲ့ ပိုင်ရှင်တွေကိုတော့ ငွေဆောင်မြို့မှာ နေထိုင်နေသူ သလပ်ခွာဇာတိ ဦးလေးဆိုင်မိသားစုက ဆိုင်ခန်း ၁ ခန်းကို ၅ သောင်းကျပ်နှုန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ခဲ့တဲ့ စျေးကို မီးသတ်ကားရောက်ရှိတာ နောက်ကျခဲ့လို စျေးမှာ ဆိုင်ခန်း ၁၀ ခန်း လောက် ပါသွားခဲ့တယ်လို့ မီးလောင်ချိန်မှာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး ပုသိမ်ခရိုင်မီးသတ်ဦးစီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ မီး လောင်တဲ့ နေရာမှာ ပုသိမ်ကနေ သွားရောက်ရတာ ခရီးဝေးသလို ငွေဆောင်ဘက်ကနေ လာရင်လည်း ခရီးဝေးတာကြောင့် ကြာမြင့်သွားတာလို့ ပုသိမ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူရက DVB ကို ပြောပါတယ်။ “စျေးဆိုင် ၁ ဆိုင်က ဂတ်စ်မီးဖိုနဲ့ ဟင်းအိုးတည်ရာကနေ စလောင်တာ၊ လောင်တဲ့ ဆိုင်ခန်းတွေ ထရံနဲ့ သစ်သားအဆောက်အအုံတွေဖြစ်တော့ မီးလောင်လွယ်တဲ့အတွက် လောင်အားကောင်းပြီး ၁၀ ခန်းလောက် ပါသွားပါတယ်၊ ခရီးအကွာအဝေးလှမ်းတော့ ပြည်သူတွေဘက်က ရောက်တာကြာတယ်လို့ မြင်သွားနိုင်ပါတယ်။” မီးလောင်တဲ့ ဆိုင်ခန်းတွေဟာ ထရံကာပြီး သစ်သားနဲ့ ဆောက်ထားတဲ့ မီးလောင်လွယ်တဲ့ အမျိုးအစားတွေ ဖြစ်တာကြောင့် မီးလောင်အား ကောင်းသွားတာလို့ ဆိုပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ စျေးဆိုင်ခန်းပိုင်ရှင်ကို သလပ်ခွာနယ်မြေရဲစခန်းက တာဝန်ရှိသူက တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - စန်းမြင့်
2 years Ago
Up