ငွေဆောင်ကမ်းခြေ

December 20, 2020

ငွေဆောင်ကမ်းခြေတွင် ရေဆင်းကူးသည့် ချစ်သူစုံတွဲ ရေနစ် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ကမ်းခြေမှာ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့က လာရောက်ရေကူးတဲ့ ချစ်သူစုံတွဲ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ ချစ်သူစုံတွဲဟာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ကားရပ်မပေးဘဲ မြို့ထဲ မောင်းဝင်သွားတာဖြစ်ပြီး ညနေပိုင်းမှာ ရေနစ်တာသိခဲ့ရတာကြောင့် ချက်ချင်းရှာဖွေခဲ့တယ်လို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က DVB ကိုပြောပါတယ်။ "ကျနော်တို့ စစ်ဆေးရေးလုပ်နေချိန် နေ့လယ်ပိုင်းလောက်က ဝင်သွားတာ တားလိုက်သေးတယ်၊ အတင်းမောင်းဝင်သွားတာပါ။ ညနေပိုင်း ရောက်တော့ ရေနစ်တာ ကြားတော့ ရေငုပ်တတ်တဲ့ ဒေသခံတွေနဲ့ရှာတော့ ကောင်မလေးအလောင်းကို အရင်ပြန်တွေ့ပါတယ်၊ မနက်ပိုင်းမှ ကောင်လေးအလောင်းကို ပြန်တွေ့တာပါ" လို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ မိန်းကလေးအလောင်းနဲ့ ဒီနေ့ မနက်ပိုင်း သောင်ပြင်မှာ ယောကျ်ားလေးအလောင်းကို ပြန်လည်ရှာဖွေနိုင်ခဲ့တာလို့ ဆိုပါတယ်။ ငွေဆောင်ကမ်းခြေမှာ ရေနစ်သေဆုံးခဲ့တဲ့ ချစ်သူစုံတွဲဟာ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်နဲ့ အမှတ် (၆) ရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ပြီး ၂ ဦးလုံးက အသက် ၂၀ ကျော်ဝန်းကျင်တွေဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ အဆိုပါ စုံတွဲ ရေနစ်သေဆုံးတာနဲ့ ပတ်သက်ပြီး ငွေဆောင်နယ်မြေရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေပြီး အလောင်းကိုတော့ ပုသိမ်မြို့မှာ ပြန်လည်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
5 months Ago

March 3, 2020

ထိုင်းတွင် လူသတ်ထွက်ပြေးလာသည့် တရုတ်နိုင်ငံသား ၂ ဦးကို ငွေဆောင်ကမ်းခြေတွင် ဖမ်းမိ

ထိုင်းနိုင်ငံမှာ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦးအနက် ၂ ဦးကို ငွေဆောင်ကမ်းခြေမှာ မတ်လ ၂ ရက် ညပိုင်းက ငွေဆောင်ကမ်းခြေမှာ ဖမ်းမိခဲ့တယ်လို့ မြို့အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။ "သူတို့ နှစ်ယောက်ကို ကမ်းခြေမှာတွေ့တယ်လို့ ဒေသခံတွေက သတင်းပေးတယ်။ အဲ့တာနဲ့ ကျနော်တို့လည်း သူတို့တည်းခိုတဲ့နေရာကိုစုံစမ်းပြီး လိုက်ရှာတယ်။ သူတို့က ထိုင်းဘတ်ငွေတွေကို အောက်စျေးနဲ့ ရောင်းပြီး မောင်တောဘက်ကို စက်လှေနဲ့ ထွက်သွားချိန်မှာ ဖမ်းမိခဲ့တာပါ"လို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ကိုဝဏ္ဏဝင်းက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လူသတ်မှုကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ တရုတ်နိုင်ငံသား ၄ ဦး မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်သွားတဲ့အတွက် ဖမ်းဆီးပေးဖို့အတွက် မြဝတီခရိုင်ရဲတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အကူညီတောင်းခံခဲ့တာပါ။ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက  ကမ်းခြေရှိသမျှဟိုတယ်တွေနဲ့ တည်းခိုခန်းတွေ ရှာဖွေနေခဲ့တာလို့လည်း ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ကိုဝဏ္ဏဝင်းကပြောပါတယ်။  “တရုတ်နိုင်ငံသား ၂ ဦးရောက်နေတယ်ဆိုတာတော့ သတင်းရတယ်၊ လွန်ခဲ့တဲ့ ၂ ရက်လောက် က မနေ့က နေ့လယ်က ရှိသမျှဟိုတယ်တွေနဲ့ တည်းခိုခန်းတွေမှာ ရဲတပ်ဖွဲ့နဲ့ လဝက တာဝန်ရှိသူတွေ ပူးပေါင်းလိုက်ရှာတယ်၊ မတွေ့တော့ဘူး။ သူတို့က မောင်တောဘက်ကို စက်လှေငှားပြီး ထွက်ပြေးသွားတာ၊ အဲ့တာနဲ့ စက်လှေသမားကို ဖုန်းဆက်ပြန်မောင်းလာခိုင်းပြီး စစ်ဆေးလိုက် တဲ့အချိန်မှာ အဲ့ ၂ ယောက်ကို ဖမ်းမိခဲ့တာပါ” ဖမ်းဆီးရမိတဲ့သူ ၂ ဦးကို တရားဥပဒေနဲ့အညီ စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီး ထိုင်းနိုင်ငံ ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၄ ဦးအနက် အခု ဖမ်းမိထားတဲ့ အသက် ၃၁ အရွယ်ရှိ Mr. Qinmiao နဲ့ အသက် ၂၄ နှစ်အရွယ်ရှိ Mr. Gang Gang  တို့ နှစ်ဦးကို စစ်ဆေးမေးမြန်းဖို့ ပုသိမ်မြို့ကို ခေါ်ဆောင်လာပြီလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up