ငွေကြေးလိမ်လည်မှု

September 25, 2021

ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ် အမှုအဆုံးသတ်ပြီး ကနေဒါနိုင်ငံသို့ ထွက်ခွာခွင့်ပြု

ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ် မုံဝမ်ကျိုဟာ သူ့အပေါ် ငွေကြေးဆိုင်ရာ ဘဏ်လိမ်လည်မှုနဲ့ ပတ်သက်တဲ့ပြစ်မှုကို အဆုံးသတ်ဖို့ အမေရိကန်အစိုးရရှေ့နေတွေနဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ စက်တင်ဘာ ၂၄ ရက်မှာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပြီး တရုတ်နဲ့အမေရိကန်အကြား တင်းမာမှုကို ဖြေလျှော့ပေးတဲ့အနေနဲ့ ကနေဒါနိုင်ငံကို ထွက်ခွာခွင့် ပြုလိုက်ပါတယ်။ 

ကြားနာမှုအပြီး တရားရုံးကထွက်လာချိန်မှာ မုံဝမ်ကျိုက သူ့အမှုကို တရားစီရင်ရေး လုပ်ငန်းစဉ်မှာ သူ့ရဲ့တရားမျှတမှုကို ဆောင်ကြဉ်းပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း နာမည်ဖော်ပြ ပြောဆိုသွားပြီး သူ့ရဲ့ဘဝ ပြောင်းပြန်ဖြစ်ခဲ့ရတဲ့ ၃ နှစ်တာ ခက်ခဲတဲ့အချိန်ကာလအတွင်းမှာ ဘာအဆိုးတွေကြုံကြုံ တနေ့အကောင်းဖြစ်လာမယ်လို့ ယုံကြည်ထားခဲ့ကြောင်း ပြောသွားပါတယ်။

ဟွာဝေးတည်ထောင်သူ ရန်ကျန်ဖှေးရဲ့သမီးဖြစ်သူ မုံဝမ်ကျိုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ဗန်ကူဗာ နိုင်ငံတကာလေဆိပ်မှာ အမေရိကန်က ဖမ်းဝရမ်းနဲ့ ဖမ်းဆီးခဲ့တာပါ။ 

အမေရိကန် ဆန်ရှင်လုပ်ထားတဲ့ အီရန်နိုင်ငံရှိ ဆက်သွယ်ရေးပစ္စည်းကိရိယာကုမ္ပဏီကြီးကို စီးပွားရေးဆက်ဆံမှုနဲ့ ပတ်သက်ပြီး HSBC ကို လှည့်ဖြားခဲ့တဲ့အတွက် ဘဏ်နဲ့ကြေးနန်းဆိုင်ရာ လိမ်လည်မှု စွပ်စွဲချက်နဲ့ တရားစွဲခံခဲ့ရပါတယ်။

ဟွာဝေးဟာ ၂၀၁၉ ခုနှစ် အမေရိကန်ကုန်သွယ်ရေးအမည်ပျက်စာရင်းမှာ ပါဝင်ခဲ့ပြီး အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒအကျိုးစီးပွားကို ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ကုမ္ပဏီရောင်းအားကို ကန့်သတ်ခံခဲ့ရပါတယ်။

မုံဝမ်ကျိုနဲ့ ဟွာဝေးကိုလည်း ရာဇ၀တ်မှုလို့ အမည်ပျက်စာရင်းထဲ ထည့်ခဲ့ပါတယ်။ ဟွာဝေးကို ရာဇ၀တ်မှုလုပ်ငန်းတစ်ခုအနေနဲ့လုပ်ဆောင်ခြင်း၊ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေကိုခိုးယူခြင်းနဲ့ ငွေကြေးအဖွဲ့အစည်းများကို လိမ်လည်ခြင်းတွေအတွက် တရားစွဲခံခဲ့ရပါတယ်။ 

ဟွာဝေးကတော့ အပြစ်မရှိဘူးလို့ လျှောက်လဲခဲ့တာပါ။ မုံဝမ်ကျိုရဲ့ ဗန်ကူးဗားမှာ တရားခံ လွှဲပြောင်းရေးအမှုအပေါ် တရားစီရင်ကြားနာတာကို သြဂုတ်လမှာ အဆုံးသတ်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်မှာ အပြီးသတ် အမိန့်ချမယ်လို့ ရက်သတ်မှတ်ခဲ့ပါတယ်။ 

အမေရိကန်ဟာ မုံဝမ်ကျိုနဲ့ ရက်ရွှေ့ဆိုင်းတရားစီရင်ဖို့ သဘောတူညီချက် ရသွားပြီ ဆိုတဲ့ သတင်းကို ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒီသဘောတူညီချက်ဟာ  မုံဝမ်ကျိုနဲ့သာ သက်ဆိုင်ပြီး ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်ရဲ့ တရားစွဲဆိုထားမှုတွေကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။ 

အမေရိကန်နဲ့ တရုတ်အကြား အငြင်းပွားမှုကို ဖြေရှင်းရေးအပြင် ဒီသဘောတူညီချက်ဟာ ၂၀၁၈ ခုနှစ်က မုံဝမ်ကျိုကို ထိန်းသိမ်းထားပြီး သိပ်မကြာခင်မှာပဲ တရုတ်နိုင်ငံမှာ အဖမ်းခံထားရတဲ့ ကနေဒါနိုင်ငံသားနှစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်စပါဗွာနဲ့ သံတမန်ဟောင်း  မိုက်ကယ် ကိုဗာရင်တို့ လွတ်မြောက်ရေးအတွက် လမ်းခင်းပေးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုံဝမ်ကျိုရဲ့ရှေ့နေတွေကတော့ မုံဟာ အင်အားကြီး နှစ်နိုင်ငံကြားက နိုင်ငံရေးတိုက်ပွဲမှာ အပေါင်ပစ္စည်းသဘောမျိုး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အမေရိကန်အဆင့်မြင့်အရာရှိတွေကတော့  မုံရဲ့အမှုကို တရားရေးဌာနကသာ ကိုင်တွယ်နေပြီး အမေရိကန်အစိုးရက တရုတ်နဲ့ ဆက်ဆံရေးချဉ်းကပ်မှုအပေါ် ဆက်နွှယ်မှုမရှိဘူးလို့ ပြောကြားပါတယ်။

1 year Ago
Up