ငွေကျပ်သိန်း ၅

November 21, 2020

ပုသိမ်ကြီးတွင် ငွေကျပ်သိန်း ၅,၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင်စစ်ဆေးရေးဂိတ်ရဲ့ တရားမဝင် ရှောင်ကွင်းလမ်းရှိ ရေမြောင်းဘေးမှာ ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက  ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။ မန္တလေးတိုင်း၊  ရှမ်းပြည်နယ်နဲ့ ဆက်စပ်နယ်မြေတွေမှာ တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးတွေနဲ့ မန္တလေးမြို့အဝင်/အထွက်နေရာတွေမှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်စစ်ဆေးမှု အပါအဝင် ပိတ်ဆို့စစ်ဆေးရေးလုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်လောက်က ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင်စစ်ဆေးရေးဂိတ်ရဲ့ တရားမဝင် ရှောင်ကွင်းလမ်းရှိ ရေမြောင်းဘေးမှာ မသင်္ကာဖွယ်စက္ကူဂျပ်ဖာတွေအား တွေ့ရှိတာကြောင့် စစ်ဆေးကြည့်ရှုရာ ဘိန်းဖြူ ၈ ဒသမ ၆၂ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးသယ်ဆောင်လာသူနဲ့ မော်တော်ယာဉ်တို့မှာ သယ်ဆောင်ဖို့ မလွတ်နိုင်တဲ့ အခြေအနေကြောင့် လမ်းဘေးမြောင်းအတွင်း စွန့်ပစ်ထွက်ပြေးသွားတယ်လို့ သုံးသပ်ရကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
1 year Ago
Up