ငှားသွားသည့် ရက်ကွန်းဝံအား ဝတ်လစ်စလစ် ရုပ်သံထဲ တွေ့သဖြင့် ကုမ္ပဏီကို တရားစွဲ (ရုပ်သံ)

March 19, 2017

ငှားသွားသည့် ရက်ကွန်းဝံအား ဝစ်လစ်စလစ် ရုပ်သံထဲ တွေ့သဖြင့် ကုမ္ပဏီကို တရားစွဲ (ရုပ်သံ)

တိရစ္ဆာန်ဥယျာဉ်က ငှားသွားတဲ့ ရက်ကွန်းဝံလေးကို ဝစ်လစ်စလစ် အမျိုးသမီးနဲ့အတူ ဗွီဒီယိုရုပ်သံထဲမှာ တွေ့လို့ ငှားရမ်းသွားတဲ့ ကုမ္ပဏီကို မော်စကိုတိရစ္ဆာန်ဥယျာဉ်က တရားစွဲဆိုလိုက်ပါတယ်။ တိရစ္ဆာန်တစ်ကောင်ကို ဒီလိုသုံးတာက “အင်မတန်မှ ကြမ်းကြုတ်တယ်” လို့ မော်စကိုတိရစ္ဆာန်ဥယျာဉ်ရဲ့ လမ်းညွှန်တစ်ယောက်က ဝေဖန်လိုက်ပြီး အာ့တ်မာ့စ်က်ကုမ္ပဏီကို တရားစွဲလိုက်တယ်လို့ မေရာရဲ့ မတ်လ ၁၆ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ ရက်ကွန်းဝံလေး (အဖြူအနက် အမှတ်အသားများပါသော မျက်နှာ၊ အဖြူအနက် အရစ် အမြီးဖွားရှိ ဝက်ဝံနွယ် မြောက်အမေရိကတိုက်နေ သတ္တဝါ) ကို ၂၀၁၆ ခုနှစ် သြဂုတ်လက ကုမ္ပဏီကြော်ငြာရိုက်ကူးဖို့အတွက် ငှားရမ်းခဲ့တာဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးစဉ်အတွင်း စောင်တွေနဲ့ ကိုယ်သုတ်ပုဝါပုံတွေထဲမှာ ရက်ကွန်းဝံကလေး ဆော့ကစားနေရမှာဖြစ်ကြောင်း အာ့တ်မာ့စ်က်က ပြောခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ကြော်ငြာကို အင်တာနက်စာမျက်နှာပေါ် မြင်ရတဲ့အခါ ဝစ်လစ်စလစ်နဲ့ အမျိုးသမီးကို ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ရက်ကွန်းဝံလေးကို သုံးထားတာတွေ့ရတယ်လို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ ဝန်ထမ်းတွေက ပြောပါတယ်။ တိရစ္ဆာန်ရုံက ကုမ္ပဏီအနေနဲ့ ဒီကြော်ငြာဓာတ်ပုံကို ဖယ်ရှားဖို့ ပြောပေမယ့် ကြော်ငြာကုမ္ပဏီက ဘာမှအကြောင်းမပြန်ဘူးလို့ ဆိုပါတယ်။ တိရစ္ဆာန်ဥယျာဉ်က ဒီပုံတွေကို မီဒီယာမှ ဖြုတ်ပေးရမယ့်အပြင် “ရက်ကွန်းဝံလေးရဲ့ သိက္ခာကျစေလို့” ကုမ္ပဏီအနေနဲ့ လျော်ကြေးပေးစေချင်တာပါ။ ဒီလိုကာမဆန္ဒပြကွက်ပါတဲ့ ကြော်ငြာထဲမှာ တိရစ္ဆာန်တစ်ကောင်ကို ထည့်ရိုက်ထားတာက တိရစ္ဆာန်အခွင့်အရေးကို ချိုးဖောက်တာလို့ ကုမ္ပဏီကို စွပ်စွဲလိုက်ပါတယ်။ တိရစ္ဆာန်ဥယျာဉ်ဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေရဲ့ ထုတ်ပြန်ချက်မှာ “ဒီလို သတ္တဝါလေးတွေအပေါ် လူတွေရဲ့အမြင်မှာ အဆိုးမြင်သက်ရောက်သွားနိုင်လို့ ဗွီဒီယိုရုပ်သံထဲနဲ့ ဓာတ်ပုံတွေထဲမှာ ဝစ်လစ်စလစ် အမျိုးသမီးရဲ့ ဘေးမှာ ရက်ကွန်းဝံကို ထားပြီး ရိုက်ကူးထားတာက လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ တရားလိုတွေဘက်က ထင်မြင်တယ်” လို့ ပြောထားပါတယ်။ “ခုတော့ ဒီရုပ်သံကို ကြည့်မိတဲ့ ဒီဓာတ်ပုံတွေကို တွေ့တဲ့လူတိုင်းက ရက်ကွန်းဝံတွေနဲ့ ကာမဆန္ဒကိစ္စကို ဆက်စပ်ကြည့်တော့မယ်” လို့ ဆက်ပြောထားပါတယ်။ ဒီရုပ်သံကို ရိုက်ကူးပြီးတော့ သောမက်စ်လို့ နာမည်ပေးထားတဲ့ ရက်ကွန်းဝံလေးက ထိတ်လန့်နေပြီး လက်ကိုင်ကင်မရာအသေးလေးတွေကို ကြောက်နေတယ်လို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရုရှချန်နယ်ဖိုက်ကို ပြောခဲ့ပါတယ်။
5 years Ago
Up