ငှက်ကြီး

April 28, 2019

ပိုင်ရှင်ကို ပြန်တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် ငှက်ကြီးကို လေလံတင်

အသက် ၇၅ နှစ်အရွယ် ပိုင်ရှင်ဖြစ်သူကို ပြန်တိုက်မှုအတွက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရှားပါး cassowary ငှက်ကြီးကို လေလံတင်ရောင်းချတော့မယ်လို့ ဧပြီ ၂၄ ရက်နေ့ Fox News သတင်းမှာ ဖော်ပြပါတယ်။ “သက်ရှိဒိုင်နိုဆော” ကြီးလို့ နာမည်ပေးခံထားရတဲ့ ဒီငှက်ကြီးဟာ သေဆုံးသွားခဲ့သူ မာဗင်ဟာဂျို့စ် ပိုင်ဆိုင်တဲ့ ရှားပါး တိရစ္ဆာန် အကောင် ၁၀၀ ထဲက တကောင်လည်း ဖြစ်ပါတယ်။ ဒီငှက်ကြီးအပါအဝင် ကွယ်လွန်သူ ဟာဂျို့ပိုင်တဲ့ ရှားပါးတိရစ္ဆာန်တွေကို လေလံတင်ရောင်းချတော့မယ်လို့ Gulf Coast Livestock လေလံအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပြီး ကွယ်လွန်သူ ဟာဂျို့စ်ရဲ့ ဆန္ဒတွေထဲက တခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလေလံပွဲကို ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းအချိန်မှာ ကျင်းပခဲ့ပြီး လေလံပွဲကို သတင်းရယူခွင့်၊ မှတ်တမ်းရိုက်ကူးခွင့်လည်း တားမြစ်ခဲ့ပါတယ်။ cassowary ငှက်တွေဟာ အီမူး ငှက်တွေနဲ့ ဆင်တူပြီး ပျံသန်းနိုင်ခြင်းမရှိပါဘူး။ သူတို့ဟာ မျိုးတုံးတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သတ္တဝါတွေဖြစ်ပြီး အမြင့်ဆုံး ခြောက်ပေအထိ ရှည်လျားပြီး ပေါင် ၁၃၀ နီးပါးအလေးချိန်ရှိပါတယ်။ ဒီငှက်ကြီးတွေရဲ့ ခြေထောက်တွေမှာ ခြေချောင်း သုံးချောင်းပဲ ရှိပေမယ့် တ ချောင်းခြင်းစီတိုင်းမှာ ဓားလိုချွန်ထက်တဲ့ ခြေသည်းတွေပါဝင်ပါတယ်။ ခြေချောင်းသုံးချောင်းထဲက အတွင်းခြေချောင်းဟာ လေးလက်မအထိ ရှည်လျားပြီး ဒီငှက်ကြီးတွေဟာ သူတို့အန္တရာယ်ရှိလာပြီလို့ ခံစားရရင် ရန်သူကို ဒီခြေထောက်တွေနဲ့ တိုက်ခိုက်ကြပါတယ်။ ဒီခြေထောက်တွေနဲ့ တစ်ချက်လောက်အကန်ခံရတယ်ဆိုရင်ပဲ ကန်ခံရတဲ့ နေရာဟာ ထက်ခြမ်းကွဲသွားနိုင်ပါတယ်။ အခုလေလံတင်မယ့် ငှက်ကြီးဟာ ဒီလိုနည်းနဲ့ သူ့ပိုင်ရှင်ဖြစ်သူကို သတ်ခဲ့တာဖြစ်ပြီး ဧပြီ ၁၂ ရက်နေ့ဖြစ်ရပ်မှာ ဟာဂျို့စ်ကို ဆေးရုံအလျင်အမြန် ပို့ဆောင်ခဲ့ပေမယ့် အသက်မရှင်ခဲ့ပါဘူးလို့ ဒေသခံ ရဲအရာရှိတဦးက ပြောပါတယ်။ လေလံပွဲမှာ ဒီငှက်ကြီးအပါအဝင် တခြားရှားပါး သတ္တဝါတွေ ပါဝင်မှာဖြစ်တာကြောင့် လေလံဆွဲမယ့် သူတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို မွေးမြူခွင့်လိုင်စင်ရှိဖို့တော့ လိုအပ်မယ်လို့ သဘာဝပတ်ဝန်းကျင်ရေး တက်ကြွလှုပ်ရှားသူတွေက သတိပေးထားပါတယ်။
2 years Ago
Up