ငှက်အမူးသမားများ

October 13, 2018

ငှက်အမူးသမားများ သောင်းကျန်းနေသည့် ဂျီဘတ်မြို့

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် ဂျီဘတ်မြို့က ဒေသခံတွေဟာ မူးနေတဲ့ငှက်တွေရဲ့ သောင်းကျန်းတာ ရင်ဆိုင်နေရတယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ကစော်ပေါက်နေတဲ့ ဘယ်ရီသီးတွေကို စားမိတဲ့အတွက် ငှက်တွေဟာ မူးယစ်ကုန်ကြတာပဲဖြစ်ပါတယ်။ ဂျီဘတ်ဒေသမှာ စောစီးစွာ နှင်းကျမှုကြောင့် ဘယ်ရီမျိုးစိတ်အချို့ဟာ ပုံမှန်ထက်စောပြီး သီးပွင့်ခဲ့ကြပေမယ့် ဒေသခံငှက်အချို့ကတော့ အရင်တုန်းကအတိုင်းပဲ အသီးတွေကို စားသောက်ခဲ့ကြပါတယ်။ အဲ့ဒီမှာတင် ကစော်ပေါက်နေတဲ့ အသီးတွေကို ဒေသခံငှက်တွေက စားမိခဲ့ကြပြီး မကြာသေးခင်ကမှ အရွယ်ရောက်လာတဲ့ ငှက်ပေါက်တွေဟာ အရွယ်ရောက်ပြီးသား ငှက်တွေလို အီသနောရဲ့ ဒဏ်ကိုမခံနိုင်ဘဲ မူးယစ်ကာ ထူးဆန်းတဲ့ အပြုအမှုတွေကို စတင်လုပ်ဆောင်ပါတော့တယ်။ ငှက်တွေက ဆောင်းရာသီအတွက် တောင်အရပ်ကို ပျံသန်းကြတော့မှာဖြစ်ပြီး ဒီခရီးရှည်အတွက် အစားအစာကို အရင်ကထက် ပိုမိုစားသောက်ကြတဲ့အခါ သူတို့ရဲ့မူးယစ်မှု က ပိုမိုဆိုးရွားလာပါတော့တယ်။ မူးနေတဲ့ငှက်တွေဟာ ပြတင်းပေါက်တွေကို ဝင်တိုက်တာ၊ ကားတွေကိုဝင်တိုက်တာ စတဲ့ ထူးဆန်းတဲ့အပြုအမှုတွေကို လုပ်ဆောင်လာကြပြီး ဒီလိုမျိုးဖြစ်ရပ်တွေ မကြာခဏဖြစ်နေလို့ ဒေသခံတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ကပါတယ်။ ဒီလိုတိုင်ကြားမှုတွေ များပြားလာတာကြောင့် ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်တွေဟာ အချိန်ခဏလေးအတွင်း ပျောက်ကွယ်သွားတော့မယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ရပါတယ်။ မူးနေတဲ့ ငှက်တွေရဲ့ ဒဏ်ကို ဒေသခံတွေက ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး “တပတ်ထဲမှာတင် သွားနေတဲ့ ကျနော့်ကားကို ငှက်ဝင်တိုက်မှု ခုနစ်ကြိမ်လောက်ဖြစ်ခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီဖြစ်ရပ်တွေမှာ လူသားတွေတင်မဟုတ်ဘဲ ငှက်တွေအတွက်ပါ တော်တော်လေးအထိနာခဲ့ရပြီး သာမာန်ထက်ပိုပြီး နိမ့်နိမ့်ပျံသန်းတာကြောင့် ကားတွေ၊ ပြတင်းပေါက်တွေလို မာကျောတဲ့အရာတွေနဲ့ ဝင်တိုက်ပြီး ငှက်ကောင်ရေ တော်တော်များများ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။
3 years Ago
Up