ငှက်ဖျားရောဂါ

April 19, 2018

ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ အသုံးပြုမည်ဟု ဘီလ်ဂိတ် ကတိပြု

ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် မိုက်ခရိုဆော့ဖ်ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်ဟာ ငှက်ဖျားရောဂါဒဏ် ခံနေရတဲ့ နိုင်ငံတွေက ဝန်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ အသုံးပြုသွားဖို့ ဧပြီ ၁၈ ရက်နေ့က ကတိပြု ပြောကြားခဲ့ပါတယ်။ အခုအသုံးပြုမယ့် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ငွေကြေးကို ငှက်ဖျားရောဂါကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး သုတေသနနဲ့ တီထွင်စမ်းသပ်မှုတွေ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ မိုက်ကရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်ဟာ အဲဒီကတိစကားကို ဗြိတိန်နိုင်ငံ လန်ဒန်မှာလုပ်မယ့် ငှက်ဖျားရောဂါဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ပြောကြားသွားတာပါ။ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုနဲ့ ငှက်ဖျားကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago

January 26, 2016

ငှက်ဖျားကြောင့် လူသေဆုံးမှု အဆုံးသတ်ရေး ဗြိတိန်အစိုးရနှင့် ဘီလ်ဂိတ်စ်တို့ ကူညီမည်

ဗြိတိန်အစိုးရနဲ့ မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလျံနာ သူကြွယ်ကြီး ဘီလ်ဂိတ်စ်တို့ ပူးပေါင်းပြီး လာမယ့် ၅ နှစ်အတွင်း ငှက်ဖျားကြောင့် လူသေဆုံးမှု အဆုံးသတ်ရေး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ ကူညီဖို့ ကတိပြုလိုက်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ဂျော့ခ်ျ အော့စ်ဘုံးက အသုံးစရိတ်တွေကို ဗြိတိန်ရဲ့ နိုင်ငံခြားကူညီရေး အသုံးစရိတ်ကနေ ရန်ပုံငွေ ထောက်ပံ့မယ်လို့ ပြောပါတယ်။ ဘီလ် အန် မေလင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်းကတော့ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ နှုန်း ထည့်ဝင်လှူဒါန်းမယ်လို့ ဆိုပါတယ်။ ဗြိတိန် သိပ္ပံပညာကိုသုံးပြီး ကမ္ဘာပေါ်ကနေ ငှက်ဖျားပပျောက်အောင် ပေါင်စတာလင် ၃ ဘီလျံ ပူးတွဲလှူဒါန်းဖို့ ကတိပြုတယ်လို့ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ အသက်တွေကို ကယ်နိုင်ရုံသာမက ပိုဘေးကင်းလုံခြုံတဲ့ ကမ္ဘာကို ဖန်တီးနိုင်လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ လီဗာပူး အပူပိုင်းဒေသ ဆေးပညာတက္ကသိုလ်ကို ဂိတ်စ်တို့ ဇနီးမောင်နှံနဲ့အတူ လည်ပတ်ရင်း ခုလိုပြောတာပါ။ ငှက်ဖျားကြောင့် တနှစ်ကို ကမ္ဘာတလွှား ကလေးငယ် ၆ သိန်း သေဆုံးနေပြီး အသက် ၅ နှစ်မတိုင်မီ ကလေးသေဆုံးမှု စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်နေတာပါ။ ၂၀၁၅ ခုနှစ်မှာ ငှက်ဖျားကြောင့် လူသေဆုံးနှုန်းက ၄ သိန်း ၃ သောင်း ၈ ထောင်ထိ ကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က ဒီဇင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဒါဟာ သက္ကရာဇ် ၂၀၀၀ ခုနှစ်ကထက် ထက်ဝက်နီးပါး လျော့ကျသွားခဲ့တာပါ။ ကုလသမဂ္ဂကတော့ ၂၀၃၀ မတိုင်မီ ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျား ကူးစက်သေဆုံးမှုကို ၉၀ ရာခိုင်နှုန်း လျှော့ချချင်နေပြီး သိပ္ပံပညာရှင်တွေကတော့ ၂၀၄၀ မှာ ငှက်ဖျားပပျောက်ရေး ရည်မှန်းထားကြပါတယ်။ ကမ္ဘာတလွှား ဆင်းရဲမွဲတေမှုနဲ့ ရောဂါတိုက်ဖျက်ရေးအတွက် ဂိတ်စ် ဖောင်ဒေးရှင်းကို သက္ကရာဇ် ၂၀၀၀ မှာ ဘီလ်ဂိတ်စ်တို့ ဇနီးမောင်နှံက တည်ထောင်ခဲ့ကြပါတယ်။
7 years Ago
Up