ငှက်ကုလားအုပ်က

May 6, 2017

ငှက်ကုလားအုပ်က ဒေါသထွက်ပြီး လူတဦးကို တိုက်ခိုက် (ရုပ်သံ)

တောင်အာဖရိက ဘရက်ပန်မြို့မှာ ငှက်ကုလားအုပ် တကောင်က  ဒေါသထွက်ပြီး လူတဦးကို တိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ငှက်ကုလားအုပ်ခြံမှာ ကြီးပြင်းလာခဲ့တဲ့ တီနီဗန်ဝိုက်ကို ငှက်ကုလားအုပ်ကြီး တကောင် ဒေါသတကြီး ဝင်ရောက်တိုက်ခိုက်ပြီး မြေပြင်ပေါ်အထိ တွန်းချ တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ မေရာရဲ့ မေလ ၅ ရက်နေ့သတင်းမှာ ရေးထားပါတယ်။ ငှက်ကြီးက သူ့ရှေ့မှာ ရပ်နေတဲ့ တီနီကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဒီအဖြစ်အပျက်ကို မြင်တဲ့သူတွေက ငှက်ကြီးကို အော်ဟစ်ပြီး အဝေးကို ခြောက်လှန့် မောင်းထုတ်လိုက်ရတာပါ။ အင်ဂျင်နီယာတဦးဖြစ်တဲ့ တီနီကို ငှက်ကြီးက နောက်ဘက်ကို တွန်းလှဲလိုက်ပြီး နှုတ်သီးနဲ့ဆိတ် ခြေတံရှည်ကြီးတွေနဲ့ ကန်ကြောက်ပြီး ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တာပါ။ “ကျနော် ဆူးချုံပင်တွေပေါ် ပြုတ်ကျသွားပြီး၊ ဆူးခြစ် ဒဏ်ရာတွေ ရသွားတယ်၊ အဲဒါကလွဲရင် ကံကောင်းစွာနဲ့ပဲ ဘာမှမဖြစ်ပါဘူး။ ကျနော် ကောင်းပါတယ်။ “ငှက်ကုလားအုပ်တွေနဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ အရင် အတွေ့အကြုံတွေအရ ငှက်က တခုခုကို ဒေါသဖြစ်နေတယ်။ ဒါကြောင့် ကျနော်အားလုံးကို နောက်ဆုတ်ပြီး နေဖို့ သတိပေးတယ်။ ငှက်ကုလားအုပ်တွေဘက်ကို ကျောပေးတာ သူတို့ရှေ့ကနေ ထွက်ပြေးတာမျိုး ခင်ဗျား ဘယ်တော့မှ မလုပ်နဲ့၊ ဒါကြောင့် ကျနော်က ငှက်ရှေ့ကနေ ဖြည်းဖြည်းချင်း နောက်ဆုတ်နေချိန်မှာ ငှက်ကြီးက ကျနော့်ဆီ ပြေးဝင်လာတော့တာပဲ။ “သူ ကျနော့်ကို ဘာမှ ထိခိုက်ဒဏ်ရာ ရအောင် လုပ်ချိန်မရခင်မှာပဲ ကျနော်က ငှက်ရဲ့ လည်ပင်းနဲ့ ခြေထောက်ကို လှမ်းဆွဲချုပ်ထားလိုက်လို့ ကျနော် ကံကောင်းသွားပါတယ်၊ အသေးစားဒဏ်ရာတွေပဲ ရပြီး လွတ်လာတယ်” လို့လည်း တီနီက ပြောခဲ့ပါသေးတယ်။
4 years Ago
Up