ငြိမ်းချမ်းရေးဖြစ်စဉ်

A d v e r t i s e m e n t With Us

January 16, 2021

NLD အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဝတိုင်းရင်းသားများကို လက်တွဲခေါ်ရန် ဝ အမျိုးသားပါတီ ပြော

လက်ရှိ NLD အစိုးရအဖွဲ့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဝတိုင်းရင်းသားတွေကို လက်တွဲခေါ်ဖို့ ဝ အမျိုးသားပါတီက ပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ ဝအမျိုးသားပါတီတို့ တောင်ကြီးမြို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးမှာ ဇန်နဝါရီလ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဝ အမျိုးသားပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က “ဒီကနေ့ NLD အစိုးရက ဦးဆောင်ပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ရှေးရှုရမယ့်အရေးကိစ္စတွေထဲမှာ ကျနော်တို့ သုံးသပ်တဲ့နေရာမှာ လုပ်ဆောင်စရာရှိတာတွေကို ကျနော်တို့ “ဝ” ပါတီအနေနဲ့ ပေါင်းပြီးဆောင်ရွက်မယ်။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ၊ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ကျနော်တို့ “ဝ” တိုင်းရင်းသားတွေကို များများလက်တွဲခေါ်ပြီးတော့။ ဒီကနေ့ သူတို့ ဆောင်ရွက်တဲ့နေရာမှာ အားနည်းတယ်လို့ ထင်ရပေမဲ့၊ စိတ်မဝင်စားဘူးလို့ ထင်ရပေမဲ့ အမှန်တကယ် ထဲထဲဝင်ဝင် မရှိသေးတဲ့အတွက် ကျနော်တို့ အလုပ်မဖြစ်ခြင်းသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ မြန်မာနိုင်ငံသားဖြစ်တဲ့အားလျော်စွာ မြန်မာ့အကျိုးကို အစဉ်အမြဲစဉ်းစားပြီး ဆောင်ရွက်တယ်ဆိုတဲ့အကြောင်း ကျနော်တို့ တင်ပြခဲ့ပါတယ်” လို့ ပြောပါတယ်။ ဝအမျိုးသားပါတီက ပြည်ထောင်စုကောင်းဖို့ကိစ္စတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်လိုပြီး ပြည်သူက ရွေးချယ် တင်မြောက်တဲ့ ဘယ်အစိုးရမဆို ပူးပေါင်းဆောင်ရွက်လိုတဲ့ အကြောင်းတွေ  ဆွေးနွေးသွားတယ်လို့ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ “သူတို့ပြောတာကတော့ ဖက်ဒရယ်ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ဒီမိုကရေစီဖက်ဒရယ်ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးနှစ်လုံး ပါရင် ကျေနပ်အားရတယ်တဲ့။ ပြိုင်တူသွားရမှာပဲ။ ဖက်ဒရယ်က အရင်လား၊ ဒီမိုကရေစီက အရင်လား ငြင်းမနေပါဘူးတဲ့။ သူတို့ပြောတဲ့အထဲမှာ “ဝ”ပြည်နယ် သီးသန့်ပြည်နယ်ရဖို့ဆိုတာ အခုမှ ပြောတဲ့ကိစ္စ မဟုတ်ပါဘူးတဲ့။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တုန်းကလည်း သူတို့ ဒါတွေ ပြောခဲ့ပါတယ်တဲ့။ အမျိုးသားညီလာခံမှာလည်း ပြောခဲ့ပါတယ်။ သီးခြားသီးသန့် အမှီအခိုကင်း လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံကို တောင်းဆိုတာ မဟုတ်ပါဘူးတဲ့။ ပြည်နယ်အဆင့်အတန်း ရဖို့သာ တောင်းဆိုတာဖြစ်ပါတယ်တဲ့။ နောက်ထပ်ပြောတာက သူတို့ ဝ လူမျိုးတွေ၊ ဝ ဒေသအတွက်သာ အကျိုးရှိမယ်ဆိုရင် ဘယ်ကိစ္စမဆို ပူးပေါင်းဆောင်ရွက်မယ်တဲ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမယ် ဆိုရင်လည်း ပြည်ထောင်စုထဲက ပြည်နယ်တခုအဖြစ် သတ်မှတ်ပေးစေချင်ပါတယ်တဲ့။ ဝ ပြည်နယ်ထဲမှာ တိုင်းဦးစီးဥက္ကဋ္ဌ လုပ်တဲ့သူကို ဝ လူမျိုးပဲ ဖြစ်စေချင်ပါတယ်တဲ့။ အဲဒါလေးတွေ ပြောတယ်။ မိုင်းတုံ၊ မိုင်းဆတ်မှာ ဝ လူမျိုးတွေ မှတ်ပုံတင် မရသေးဘူးတဲ့။ မှတ်ပုံတင်မရသေးတာလည်း အမြန်ဆုံး လုပ်ပေးစေချင်ပါတယ်တဲ့” လို့ ပြောပါတယ်။ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးချက်တွေကို စုစည်းပြီး နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြသွားမယ်လို့ သိရပါတယ်။  ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ၃ ဦးပါ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို  ဇန်နဝါရီ ၁၃ ရက်နေ့က  ရောက်ရှိလာတာဖြစ်ပြီး ဒီခရီးစဉ်အတွင်း တိုင်းရင်းသားပါတီ ၇ ပါတီနဲ့ တသီးပုဂ္ဂလတစ်ဦးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သတင်း - ခွန်ရာဇာ
1 month Ago

December 30, 2020

ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်တိုးတက်လာရန် တပ်မတော်မျှော်လင့်

ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပေါ်တိုးတက်လာဖို့အတွက် မျှော်လင့်ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘဲ ကျန်ရှိခဲ့တဲ့ နယ်မြေတွေမှာ အခုနှစ်ကုန်အတွင်း ကျင်းပပေးဖို့ အေအေအဖွဲ့က သဘောထားထုတ်ပြန်ခဲ့ပြီး တပ်မတော်ဘက်ကလည်း ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။  အေအေနဲ့ တပ်မတော်တို့ရဲ့ အသီးသီးသဘောထားထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ပြီး လက်ရှိအချိန်အထိ  တိုက်ပွဲတွေ တစ်ကြိမ်မှ ဖြစ်ပွားတာ မရှိတော့တာပါ။ စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေတဲ့ ဒေသခံတွေလည်း နေရပ်ပြန်မှုတွေရှိနေပြီး ပြည်နယ်အတွင်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွေ  ဒီထက်ပိုမိုတိုးတက်ဖြစ်ပေါ်လာဖို့ မျှော်လင့်ထားတယ်လို့ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ “ ကျနော်တို့အနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာ အခုလိုပေါ့နော် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲပြီးတော့ကျ ငြိမ်းချမ်းနေတဲ့ အခြေအနေ၊ အိုင်ဒီပီကမ့်တွေကနေပြီးတော့ကျ ရွာသူရွာသားတွေ သူ့ရွာသူပြန်ပြီးတော့ သူ့အလုပ်သူလုပ်နိုင်တဲ့ အခြေအနေ တွေကနေတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ ဖြစ်ပေါ်တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်”။ ကိုဗစ်-၁၉ ရောဂါကြောင့်  တပ်မတော်က ထုတ်ပြန်ထားတဲ့ ပစ်ခတ်တိုက်ခတ်မှုရပ်ဆိုင်းကြောင်း ကြေညာတဲ့ နယ်မြေတွေမှာ ရခိုင်ပြည်နယ်မပါဝင်ပေမယ့် တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့တာလည်း ဖြစ်ပါတယ်။ တခြားပစ်ခတ်တိုက်ခတ်မှု ရပ်စဲထားတဲ့နယ်မြေတွေမှာတော့ နိုဝင်ဘာလကုန်ကနေ  ဒီဇင်ဘာလအတွင်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲ ၁၂ ကြိမ်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ မိမိတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအနေနဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းမှာ TNLA အဖွဲ့နဲ့ ၃ ကြိမ်၊ MNDAA အဖွဲ့နဲ့ ၂ ကြိမ်၊TNLA ပူးပေါင်းအဖွဲ့နဲ့ ၂ ကြိမ်၊ MNDAA/TNLA ပူးပေါင်းအဖွဲ့နဲ့ ၂ ကြိမ်၊ TNLA/SSPP/SSA ပူးပေါင်းအဖွဲ့နဲ့ ၁ ကြိမ်၊ MNDAA ပူးပေါင်းအဖွဲ့နဲ့ ၁ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်” လို့ ပြောပါတယ်။ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲထားတဲ့ ကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ထိတွေ့မှုတွေလည်း   ၇ ကြိမ် အထိရှိခဲ့ပြီး နယ်မြေကျော်လွန်လှုပ်ရှားမှု ၇၅ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၃ ကြိမ်၊ လူသစ်စုဆောင်းမှု ၉ ကြိမ် ရှိခဲ့တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
2 months Ago
Up