ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်

February 5, 2021

NLDအလံများလွှင့်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

ရန်ကုန်က နေအိမ်တွေမှာ NLD အလံတွေ ပြန်လွှင့်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ဖို့ ပြည်သူတွေကို ရွေးကောက်ခံ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးက NLD ထောက်ခံသူတွေဟာ နေအိမ်မှာ ပါတီအလံတွေ လွှင့်ထူတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဖို့ ရွေးကောက်ခံ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၄ ရက်နေ့က နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံတို့ကို ပြန်လွှတ်ပေးဖို့၊ သိမ်းယူထားတဲ့ အာဏာကို ချက်ချင်း ပြန်လွှဲပေးဖို့ စတဲ့အချက်တွေကို ရွေးကောက်ခံ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေက ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။ 

နိုင်ငံ့ဝန်ထမ်းတွေ ဆောင်ရွက်နေတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience) ဆောင်ရွက်ချက်တွေကို ထောက်ခံပြီး အလှူရှင်တွေနဲ့ ပူးပေါင်းချိတ်ဆက်ပံ့ပိုးမယ်လို့ လှိုင်မြို့နယ်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ အာဏာသိမ်း အကျပ်အတည်းကာလမှာ လူချင်းတွေ့ပြီး ဆွေးနွေးတာတွေ ဆောင်ရွက်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းအစိုးရကို ဥပဒေဘောင်အတွင်းက အကြမ်းမဖက်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဖို့ ပြင်ဆင်နေတယ်လို့ ပုဇွန်တောင်မြို့နယ်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်ဒေါ်ထုမေကတော့ ဒီလို အာဏာသိမ်းတဲ့လုပ်ရပ်ဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်စေပြီး အရပ်သားကိုယ်စားလှယ်တွေကို အာဏာချက်ချင်းပြန်လွှဲပေးဖို့ တိုက်တွန်းပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မနက်ပိုင်းမှာ စတင်သိမ်းယူခဲ့ပြီး​နောက် ​နိုင်ငံ​တော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖမ်းဆီးတရားစွဲဆိုတာတွေလည်း ပြုလုပ်ထားပါတယ်။ 

ဒီလိုအာဏာသိမ်းယူမှုကို ပြည်တွင်း ပြည်ပ မြန်မာပြည်သူတွေက အပြင်းအထန် ဆန့်ကျင်ရှုတ်ချခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီလိုအာဏာသိမ်းတာကို ရှုတ်ချခဲ့ပြီး သမ္မတနဲ့အတိုင်ပင်ခံတို့ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဇေယျာချမ်းအေး

10 months Ago
Up