ငါးနှစ်သားကလေးကို ပထွေးဖြစ်သူက ထိုးနှက်ကန်ကျောက်သည့်ရုပ်သံ ပျံ့နှံ့

November 18, 2016

ငါးနှစ်သားကလေးကို ပထွေးဖြစ်သူက ထိုးနှက်ကန်ကျောက်သည့်ရုပ်သံ ပျံ့နှံ့

ထိုင်းနိုင်ငံမှာ ငါးနှစ်အရွယ်ကလေးငယ်တဦးကို ပထွေးဖြစ်သူက ကားပါကင်ထဲမှာ ထိုးနှက်ကန်ကျောက်ခဲ့တာကို စီစီတီဗွီကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့ပါတယ်။ သူဟာ ဘာကြောင့် ဒေါသထွက်ခဲ့တာလဲ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပထွေးဖြစ်သူ အမျိုးသားက ကလေးငယ်ရဲ့မျက်နှာကို ဖြတ်ရိုက်ခဲ့ပြီး ကလေးငယ် မြေပြင်ပေါ်လဲကျသွားချိန်မှာ အပေါ်က ခြေထောက်နဲ့ ဆောင့်နင်းခဲ့တာကို တွေ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ် ပွန်ဆက်ခ် ဆဟိုင်ဆွတ်ခ် အမည်ရတဲ့ ပထွေးဖြစ်သူ အမျိုးသားဟာ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက ကလေးငယ်ကို သွားကြိုခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ တစ်ကနေ တဆယ်အထိ မရေတွက်နိုင်ခဲ့လို့ ခုလိုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမြို့တမြို့ဖြစ်တဲ့ ဖစ်ဆနူလွတ်ခ်မြို့က ကျောင်းတကျောင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသားဟာ အဲဒီနေ့က အိမ်ကို ပြန်မလာခဲ့ပါဘူး။ အဖြစ်အပျက်ရုပ်သံဗွီဒီယိုဖိုင်ကို လုံခြုံရေးကင်မရာမှတဆင့် သိရှိခဲ့ချိန်မှာတော့ ဇနီးဖြစ်သူက ရဲကို တိုင်ခဲ့တာပါ။ အသက် ၂၅ နှစ်အရွယ် အေအမည်ရတဲ့ အမျိုးသမီးဟာ ကလေးငယ် ၇ လအရွယ်မှာ ပထမလင်ယောက်ျားရဲ့ ထားသွားခြင်း ခံခဲ့ရတာပါ။ အဲဒီနောက်မှာမှ လေးနှစ်ကြာ သိကျွမ်းခဲ့တဲ့ ပွန်ဆက်ခ်နဲ့ လက်ထပ်ခဲ့ပြီး ကလေးတဦး ထွန်းကားခဲ့ကာ လက်ရှိမှာတော့ ၂ နှစ်အရွယ်ရှိနေပြီလို့ ဆိုပါတယ်။ ပွန်ဆက်ခ်ဟာ အခင်းဖြစ်တဲ့နေ့က အိမ်ပြန်မအိပ်ခဲ့ဘဲ နောက်တနေ့မနက်မှ ပြန်ရောက်လာခဲ့ကာ ပြန်ထွက်သွားခဲ့ပြီး ဘန်ကောက်က သူ့အမေအိမ်ကို သွားတာဖြစ်မယ်လို့ အေက ပြောပါတယ်။ ထိုးနှက်ကန်ကျောက်ခံရတဲ့ ကလေးငယ်ဟာ ခေါင်းကိုက်တာကလွဲပြီး တခြားထိခိုက်ဒဏ်ရာရရှိတာတွေ မရှိဘူးလို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ နေယူနာသတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။
5 years Ago
Up