ငါးအမှုန့်ကြိတ်စက်ရုံ

November 14, 2022

မြိတ်မြို့နယ်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ဝန်ထမ်း ၃ ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ Vantage ကုမ္ပဏီပိုင် ငါးအမှုန့်ကြိတ်စက် ပါကေးကန်ထဲမှာ စက်ပြင်ဖို့ ဆင်းသွားတဲ့  ၃ ယောက် အောက်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးခဲ့ကာ ၂ ယောက်ကိုတော့ အရေးပေါ်လူနာအဖြစ် မြိတ်ဆေးရုံကြီးကို ပို့ထားရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်က ပြောပါတယ်။ 

နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီလောက်က မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန်ဝင်းအတွင်းမှာရှိတဲ့ Vantage ကုမ္ပဏီက ဝန်ထမ်းတယောက်က  ပါကေးငါးတွေ ကြိတ်ရာမှာ အသုံးပြုတဲ့ကန်ထဲက စက်ချိန်းကြိုးတခု ပြုတ်သွားလို့ ကန်ထဲဆင်းပြီး ပြင်ရာကနေ တက်မလာတဲ့အတွက် နောက်ထပ် ဝန်ထမ်းတွေကထပ်ပြီး ဆင်းတဲ့အချိန်မှာတော့ အခုလို အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီစက်က ပါကေးငါးတွေကို အမှုန့်ကြိတ်ရာမှာအသုံးပြုတဲ့ တွင်းပုံစံမျိုးဖြစ်ပြီး သံဘောင် လှေကားနဲ့ဆင်းရတာဖြစ်ကာ တွင်းထဲဆင်းခဲ့တဲ့ ဝန်ထမ်း ၅ ယောက်ထဲမှာ  အပေါ်ဆုံးက ၂ ယောက်ကိုပဲ အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားက ပြောပါတယ်။

ငါးအမှုန့်ကြိတ်စက်ရုံမှာ ငါးကြိတ်ကန်အတွင်း မော်တာချိန်းကြိုးပြုတ်ထွက်လို့ ပြန်လည်ဆယ်ယူဖို့ ကန်အတွင်းသို့ဆင်းရာမှာ အောက်ဆီဂျင်ပြတ်လပ်လို့ အမျိုးသား ၃ ယောက် သေဆုံးသွားပြီး ၃ ယောက်ကိုတော့  အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း မြိတ်မြို့က ငါးမှုန့်ကြိတ်စက်ရုံဆိပ်ကမ်းမှာရပ်နားထားတဲ့ ငါးဖမ်းသင်္ဘောဝမ်းထဲမှာ အခုလို အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့တာ ရှိပါတယ်။ 

အခုလို ဝန်ထမ်းတွေသေဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေက ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကိုတော့  မသိရသေးပါဘူး။

2 months Ago

December 7, 2019

တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံ မပိတ်သိမ်းပါ အရေးယူမည်

ကျောက်ဖြူမြို့နယ်က တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံကို ပိတ်သိမ်းဖို့ ညွှန်ကြားထားပြီး မလိုက်နာပါက အရေးယူသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကင်းမြောက်ကျေးရွာအုပ်စု ကင်းပင်လယ်နားကျေးရွာက တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံဟာ ခွင့်ပြုချက်တစုံတရာ ရယူမှုမရှိတဲ့အတွက် ပြည်နယ်အစိုးရရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါစက်ရုံကို ပိတ်သိမ်းဖို့ညွှန်ကြားထားတာလို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။ “လက်ရှိမှာတော့ ကျနော်တို့ စက်ရုံလည်ပတ်မှု ရှိ၊ မရှိကို ဒီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အပတ်စဉ် တင်ပြခိုင်းထားတာရှိပါတယ်။ ဒီဇင်ဘာ ၃ ရက် ရက်စွဲပါစာနဲ့လည်း စက်ရုံကို တာဝန်ရှိသူကို ကြိုတင်ခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့ခြင်း မဟုတ်တဲ့အတွက် စက်ရုံကို ပိတ်သိမ်းဖို့နဲ့ ခွင့်ပြုချက်မရှိပဲ စက်ရုံလည်ပတ်ပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရ ခဲ့ပါဘူး။ အဆိုပါ တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံကို လွန်ခဲ့တဲ့ အောက်တိုဘာလက စတင်လည်ပတ်ခဲ့တာဖြစ်ပြီး စက်ရုံမှထွက်ရှိတဲ့ ဆိုးဝါးတဲ့အနံ့ဆိုးတွေကြောင့် ဒေသခံတွေ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာတဲ့အတွက် စက်ရုံပိတ်သိမ်းပေးဖို့နဲ့ မပိတ်သိမ်းပေးပါက ဆန္ဒဖော်ထုတ်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောင်နောင်
3 years Ago
Up