ငါးမိုင်းခွဲ

A d v e r t i s e m e n t With Us

June 5, 2020

ဗန်းမောက်တွင် တရားမဝင် ငါးမိုင်းခွဲရာမှ မတော်တဆပေါက်ကွဲပြီး လူ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ပန်းတော-ပါသက်ကျေးရွာဆက်သွယ်ထားတဲ့ လမ်းဘေးရှိ ပါသက်ချောင်းအတွင်း ဇွန် ၃ ရက်နေ့ ညနေပိုင်းက တရားမဝင် ငါးမိုင်းခွဲရာမှ မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၄ ဦး မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။  မိုင်းပေါက်ကွဲလို့ ဇော်နိုင်ထွန်း (၂၃ နှစ်)၊ ဇော်ဦး (၃၅ နှစ်)၊ ရဲအောင် (၂၈ နှစ်) နဲ့ ဝေဠု (၂၇ နှစ်) တို့ ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲပွန်းပဲ့ကြေမွဒဏ်ရာတွေ ရရှိခဲ့ပြီး ဗန်းမောက်မြို့ဆေးရုံကတဆင့် မန္တလေးမြို့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုက "ဖြစ်စဉ်ကဟုတ်ပါတယ်။ ဒီနှစ်အတွင်း ဒီလိုဖြစ်တာ ပထမဆုံးအကြိမ်ပါ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး"လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားမဝင်ငါးမိုင်းဖောက်ခွဲဖို့ လုပ်ဆောင်ခဲ့သူ ၄ ဦးစလုံးကို ဗန်းမောက်မြို့မရဲစခန်းကနေ (ပ)၃၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၈၆ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဗန်းမောက်မြို့နယ်မှာ အလားတူကိစ္စတွေကို ဒေသက လက်မခံပေမယ့် တိုင်ကြားတာတွေတော့ ရှိတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောပါတယ်။ "တရားမဝင်ငါးဖမ်းတာဖြစ်တဲ့ ငါးရှော့ခ်တိုက်ဖမ်းတာ၊ မိုင်းခွဲတာတွေကို ဒေသက လက်မခံဘူး။ ဒါပေမယ့် ခိုးပြီး လုပ်နေတာတွေတော့ ရှိတယ်။ ဒါကြောင့် ကျနော်တို့ဆီကို သတင်းပေးတိုင်ကြားတာတွေလည်း ရှိတယ်။ သွားတဲ့အခါ ဘယ်သူဘယ်ဝါလုပ်တာဆိုတာ မပြောကြဘူး။ ငါးလုပ်ငန်းကလည်း ဗန်းမောက်မှာ ရုံးမရှိတော့ တရားမဝင် ငါးဖမ်းလုပ်ငန်းတွေနဲ့ပတ်သက်လို့ အသိပညာပေးတာ ဘာညာ မရှိဘူး။" လက်ရှိကျင်းပနေဆဲ တိုင်းဒေသကြီးလွှတ်တော်မှာ ရေချိုငါးလုပ်ငန်းဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကိုလည်း တင်သွင်းဖို့ ရှိနေပြီး အတည်ပြုပြီးရင် တရားမဝင်ငါးဖမ်းတာတွေကို ထိထိရောက်ရောက် ဟန့်တားလာနိုင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်။
9 months Ago
Up