ငါးမန်းတောင်

A d v e r t i s e m e n t With Us

October 7, 2015

ဟောင်ကောင်သို့ တင်ပို့မည့် ငါးမန်းတောင် ၃၀၀၀ အင်ဒိုနီးရှားလေဆိပ်တွင် ဖမ်းမိ

ဟောင်ကောင်ကို တရားမ၀င်တင်ပို့မယ့် ငါးမန်းတောင် ၃၀၀၀ လောက် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာလေဆိပ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးရမိခဲ့တယ်လို့ South China Morning Post သတင်းစာမှာ ဖော်ပြပါတယ်။ အခုဖမ်းဆီးရမိတဲ့ ငါးမန်းတောင်တွေဟာ ဂျာဗားကျွန်းတ၀ိုက်မှာ ကျက်စားနေထိုင်ပြီး အစိုးရက တရားဝင် ကာကွယ်ထိန်းသိမ်းထားတဲ့ သမုဒ္ဒရာ ငါးမန်းဖြူအမျိုးအစားတွေ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ပင်မကျွန်းတွေမှာ ငါးနဲ့ပတ်သက်ပြီး ထိန်းသိမ်းကာကွယ်ရေးတွေ လုပ်နေတဲ့ အင်ဒိုနီးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရူစ်နန်တိုက အောက်တိုဘာ ၇ ရက်နေ့မှာ ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ ငါးမန်းတောင်တွေဟာ ဟောင်ကောင်ဒေါ်လာ ၅ သိန်း ၆ သောင်း ၂ ထောင် တန်ဖိုးရှိပြီး ငါးမန်းတောင်ကို ဟောင်ကောင်မှာ စားကောင်းသောက်ဖွယ်အဖြစ် ဈေးကောင်းပေး ၀ယ်ယူစားသောက်ကြတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တာဝန်ရှိသူတွေဟာ အဲဒီငါးမန်းတောင်တွေကို ပို့ကုန်အဖြစ် တင်ပို့မယ့် သေတ္တာတွေထဲမှာ တွေ့ခဲ့တာဖြစ်ပြီး တင်ပို့တဲ့ ကုမ္ပဏီကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်ဟာ ကမ္ဘာ့ငါးမန်းတောင်ဈေးကွက်ဖြစ်ပြီး ငါးမန်းတောင် ဟင်းချိုဟာလည်း နာမည်ကြီး တရုတ်ဟင်းပွဲအဖြစ် နာမည်ကြီးပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ (ဒဗလျူဒဗလျူအက်ဖ်) ရဲ့ အဆိုအရ နှစ်စဉ် ငါးမန်းကောင်ရေ သန်း ၇၀ လောက် သတ်ဖြတ်ခံနေရပြီး တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကို ပမာဏများစွာ တင်ပို့နေတာဖြစ်တယ်လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးသမားတွေဟာ အင်ဒိုနီးရှားနိုင်ငံ ကျွန်းစုပေါင်း ၁ သောင်း ၇ ထောင်ကျော်မှာ ငါးမန်းဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး ကာလအတန်ကြာတည်းက အသိပညာပေးမှုတွေ လုပ်နေခဲ့ပေမယ့် ခုလို တရားမ၀င် ကုန်သွယ်မှုတွေနဲ့ ပတ်သက်လို့ ဥပဒေအရ ထိန်းသိမ်းအရေးယူမှု အားနည်းတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (အိုင်ယူစီအန်) က သမုဒ္ဒရာ ငါးမန်းဖြူ အမျိုးအစားကို မျိုးတုံးပျောက်ကွယ်သွားနိုင်တဲ့ ရှားပါးမျိုးစိတ်အဖြစ် သတ်မှတ်ထားပါတယ်။
5 years Ago
Up