ငါးမန်းအုပ်စုကြီး

January 25, 2017

ရေအောက်ကင်မရာမှ ရိုက်ကူးထားသည့် အံ့ဖွယ် ငါးမန်းအုပ်စုကြီး (ရုပ်သံ)

အစ္စရေးနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းတခုအနီးကို မရေမတွက်နိုင်အောင် များပြားလှတဲ့ ငါးမန်းအုပ်စုကြီးတစု ဦးတည်ကူးခပ်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်မှတဆင့် ဖမ်းယူမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲဒီငါးမန်းတွေဟာ အရှည် ၃ မီတာ (၁၀ ပေ) ထိရှိနိုင်ပြီး ကမ်းရိုးတန်းတလျှောက် မည်းမှောင်နေအောင် အုပ်ဖွဲ့ကူးခပ်နေခဲ့ကြတာပါ။ ကောင်းကင်ဒရုန်းရိုက်ချက်တွေနဲ့ ရေအောက်ကင်မရာတွေကတဆင့် ဖမ်းယူရရှိခဲ့ကြတဲ့ ပုံရိပ်တွေကို ငါးမန်းအထူးပြုလေ့လာစောင့်ကြည့်သူတွေက ပြန်လည်မျှဝေခဲ့တာပါ။ ဟိုင်ဖာတက္ကသိုလ်၊ အဏ္ဏဝါဗေဒ အထူးပြုကျောင်းသားတဦးဖြစ်တဲ့ အဒီဘာရက်ရှ်က “ဒါဟာ တကယ့်ကို အံ့ဖွယ်ပါပဲ။ ခင်ဗျားတို့ ကမ်းခြေကနေ ရပ်ကြည့်နေမယ်ဆိုရင် ရေထဲက ငါးမန်းတွေကို လှမ်းမြင်နိုင်ပါတယ်။ ဒီလို မြေထဲပင်လယ်ဒေသမှာပဲရှိနိုင်တဲ့ မြင်ကွင်းမျိုးကို တခြားဘယ်နေရာမှာမှ မတွေ့နိုင်ပါဘူး။ ငါးမန်းတွေဟာ ကမ္ဘာပေါ်ကနေ တဖြည်းဖြည်း ပျောက်ကွယ်လာကုန်ပြီ။ ကမ်းရိုးတန်းတလျှောက် ကြီးမားတဲ့ ငါးမန်းတွေကို ခင်ဗျားတို့ တကယ်မြင်နေရတာဗျ” လို့ ပြောပါတယ်။ ခုလိုအခြေအနေမျိုးဟာ မကြာသေးခင်နှစ်တွေက ဖြစ်နေကျ သဘာဝဖြစ်စဉ်တခုလို ဖြစ်လာခဲ့ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ “ဒီနေရာကို ဘာလို့ စုရုံးရောက်လာကြတယ်ဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ နွေးတဲ့ ပင်လယ်ရေကြောင့်လည်း ဖြစ်နိုင်သလို အစားအစာပေါလို့လည်း ဖြစ်နိုင်တယ်။ ကျနော်တို့ ခုထိ ဘာကြောင့်ဆိုတာတော့ မသိပါဘူး” လို့ အဒီဘာရက်ရှ်က ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသတဝိုက် ခုလို အစုလိုက်အပြုံလိုက် အုပ်ဖွဲ့ကူးခပ်နေခဲ့ကြတဲ့ ငါးမန်းတွေကြောင့် စိတ်ဝင်စားစရာတခု ဖြစ်လာခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ သူတို့ဟာ ထိန်းသိမ်းကာကွယ်ရမယ့် သားရိုင်းတိရစ္ဆာန်အုပ်စုဝင်တွေ ဖြစ်တယ်လို့ သတိပေးထားတာပါ။
4 years Ago
Up