ငါးဖမ်းဧရိယာကျဉ်းမြောင်းမှု

November 15, 2020

ငါးဖမ်းဧရိယာကျဉ်းမြောင်းမှုနှင့် ရှော့တိုက်ငါးဖမ်းမှုများကြောင့် ပခုက္ကူရေလုပ်သားများ ငါးရရှိမှု လျော့နည်းလာ

ပခုက္ကူမြို့ ဧရာဝတီမြစ်အတွင်းမှာ ငါးရှော့တိုက်ဖမ်းဆီးသူတွေ များပြားလာတာနဲ့ ဘုံငါးဖမ်းခွင့်ဧရိယာ ကျဉ်းမြောင်းနေတဲ့အတွက် လှေအစီးရေ ၉၀ နီးပါးနဲ့ လုပ်ကိုင်စားသောက်နေတဲ့ ရေလုပ်သား ၁၀၀ ကျော် ငါးဖမ်းဆီးရရှိမှု အင်မတန်နည်းပါးလာပြီး အခက်အခဲ ကြုံနေကြတယ်လို့ ပခုက္ကူမြို့ ရေလုပ်သားသမဂ္ဂအဖွဲ့က သိရပါတယ်။ ဘုံငါးဖမ်းခွင့် ဧရိယာဟာ ရေမိုင် ၂ မိုင် လောက်သာရှိတဲ့အတွက် ရေလုပ်သားတွေအနေနဲ့ အလှည့်ကျ ငါးဖမ်းစနစ်နဲ့ ဖမ်းနေရသလို ငါးရှော့တိုက်ဖမ်းဆီးသူတွေ များပြားလာတာကြောင့် ရေသယံဇာတ ရှားပါးလာတဲ့အတွက် ငါးဖမ်းဆီးရရှိမှုတွေ နည်းပါးလာတယ်လို့လည်း သိရပါတယ်။ မနှစ်က ပိုက်သမားတွေအတွက် တစ်နေ့ကို ၆ ပိဿာလောက်အထိ ဖမ်းဆီးရရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ၇၀ သားလောက်သာ ဖမ်းဆီးရရှိတော့တယ်လို့ ရေလုပ်သားတွေက ဆိုပါတယ်။ ရေလုပ်သားသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်က “အခက်အခဲကတော့ တရားမ၀င်ရှော့တိုက်ငါးဖမ်းတာတွေက များလာတော့ တရားဝင်မိရိုးဖလာဖမ်းဆီးတဲ့ ရေလုပ်သားတွေကျတော့ အခက်အခဲဖြစ်တာပေါ့လေ။ သူတို့ရှော့တိုက်ဖမ်းဆီးတာက ငါးရတာကလည်း မြန်တယ်ပေါ့လေ။ ဘာကောင်ဖြစ်ဖြစ် သူကသေတာ။ ဒီရေလုပ်သမားတွေ ကျတော့ ရိုးရိုးမိရိုးဖလာတွေကျတော့ သူတို့ကိုမီအောင်လည်း မရဘူး၊ သူတို့လုပ်သလို လိုက်လုပ်ပြန်တော့လည်း ရေအလုပ်သမားတွေက ဘာမှ မရဘူးလေ၊ တော်တော်လေးကို နည်းလာတယ်။ တစ်နှစ်နဲ့တစ်နှစ်ကို မတူအောင်ကိုနည်းလာတာ။ နောက်ပိတ်ဆုံး နည်းလာတော့ အဆင်မပြေတော့ ဆိပ်ကမ်းကုန်ထမ်းတဲ့ လူနဲ့ လက်သမားလုပ်တဲ့လူနဲ့ အဲ့လိုလိုက်လုပ်နေရတဲ့ အဆင့်ဖြစ်နေပြီ” လို့ ပြောပါတယ်။ ဘုံငါးဖမ်းခွင့်ဧရိယာကို ရေမိုင် ၂ မိုင်သတ်မှတ်ပေးထားပြီး ကျန်တဲ့နေရာတွေကိုတော့ အင်းလေလံအဖြစ် သတ်မှတ်ချထားတာဖြစ်ပါတယ်။ ရေမိုင် ၂ မိုင်ပတ်လည်အတွင်းမှာ လုပ်ကိုင်နေတဲ့  ရေလုပ်သားဦးရေဟာ ၁၀၀ ကျော်ရှိနေပြီး လှေအစီးရေ ၉၀ နီးပါး လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ခုလို ငါးဖမ်းရအခက်အခဲတွေနဲ့ ပတ်သက်ပြီး ပခုက္ကူရေလုပ်သားသမဂ္ဂရဲ့ အတိုင်ပင်ခံ ကိုကျော်သူရိန်က  “လက်တလော အခက်အခဲကတော့ ငါးရှော့တိုက်ဖမ်းတဲ့ဟာတွေ ပေါလာတဲ့အခါမှာ ငါးသယံဇာတရှားပါးတဲ့အတွက် သူတို့ခက်ခဲတယ်။ ၂ အချက်ကတော့ ဘုံ ငါးဖမ်းခွင့်အနေအထားက ဧရိယာက သိပ်မရှိတဲ့အတွက် မျှပြီးတော့မှ တစ်ယောက်က နေ့ဖမ်းတယ်၊ တစ်ယောက်က ညဖမ်းတယ်ဆိုတဲ့ အဆိုင်းလေးနဲ့ ဖမ်းနေရတယ်ဆိုတဲ့ ဟာတွေမှာလည်း သူတို့အခက်အခဲတွေ ရှိကြတယ်။ နောက်ပြီး အခု လတ်တလောမှာတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး လုပ်ငန်းကိုင်ငန်းလေးတွက တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်နေတာဆိုတော့ ဒီအချက်လေး ၃ ချက်ကို ကျနော်တို့ တွေ့ရပါတယ်” လို့ ပြောပါတယ်။ သတင်း - ခင်ပြည့်စုံဝင်း
1 year Ago
Up