ငါးဖမ်းလှေ

November 23, 2021

ထိုင်းတောင်ပိုင်း ငါးဖမ်းလှေပေါ်တွင် မြန်မာရေလုပ်သား ၁ ဦး ဓားထိုးခံရပြီးသေဆုံး

ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ နိုဝင်ဘာ ၂၂ ရက် မနက်က ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်နေတဲ့ မြန်မာလှေလုပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းပင်လယ်ပြင်သယံဇာတထိန်းသိမ်းရေးဌာန လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ 

မနေ့ မနက် ၆ နာရီခွဲက ပင်လယ်ထဲငါးဖမ်းထွက်နေတဲ့ ချုတ်နားဝီးအမည်ရှိ လှေတစ်စီးပေါ်မှာ ဓားထိုးမှုဖြစ်ပွားပြီး ဒဏ်ရာပြင်းထန်ကြောင်း လှေဦးစီးက အကူအညီတောင်းခံလာတဲ့အတွက် အရေးပေါ်လှေနဲ့ သွားရောက်ကယ်ဆယ်ပြီး အဆိုပါလှေကိုလည်း ကျေ့ပီ လန်ဆိပ်ကမ်းကို အမြန်ပြန်ကပ်လာဖို့ အကြောင်းကြားလိုက်တယ်လို့ ထိုင်းပင်လယ်ပြင်သယံဇာတ ထိန်းသိမ်းရေးဌာန ဒုညွှန်မှူး ဗိုလ်မှူး ထနရစ် ဝန်းချတ်နတ်လုပ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ဓားထိုးခံရသူမှာ အသက် ၂၄ နှစ်ရွယ်ရှိ ‌အောင်မိုးသူ ဆိုသူ မြန်မာရေလုပ်သားဖြစ်ပြီး လည်ပင်းမှာအထိုးခံရကာ သွေးထွက်လွန်တာကြောင့် ဆေးရုံမရောက်ခင်လမ်းမှာ သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဆိုပါလှေဆိပ်ကမ်းရောက်တော့ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရာမှာ ဓားထိုးမှုကျူးလွန်သူမှာ လုပ်ဖော်ကိုင်ဖက် ရေလုပ်သား ဟိန်းကိုကို (၂၅) နှစ်လို့ ဆိုပါတယ်။ ဟိန်းကိုကိုက   အခင်းမဖြစ်ခင် သူက လှေဝမ်းထဲမှာ အလုပ်လုပ်နေစဉ် အောင်မိုးသူက ရန်စောင်စကား လာပြောကြောင်း၊ သူ့ကိုကြည့်ရတာ မူးယစ်ဆေးဝါးသုံးစွဲပုံရပြီး နှစ်ယောက်သား ထိုးကြိတ်ရာက သူက ဓားနဲ့ထိုးရတာလို့ ဝန်ခံပြောဆိုပါတယ်။ 

တာဝန်ရှိသူတွေက အလောင်းကိုစစ်ဆေးဖို့ ဆဒွန်းဆေးရုံပို့ထားပြီး ဟိန်းကိုကို ကိုလည်း လိုအပ်သလိုအရေးယူဖို့ ဆဒွန်းမြို့နယ်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

2 months Ago

November 3, 2021

သံတွဲမြို့နယ်၌ ရေတပ်သင်္ဘောက ငါးဖမ်းလှေများထံမှ အဓမ္မ ငွေတောင်းနေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ  စစ်ကောင်စီ ရေတပ်သင်္ဘောက ငါးဖမ်းလှေတွေဆီကနေ အဓမ္မ ငွေတောင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆင်ခေါင်းရွာကနေ ပင်လယ်ထွက် ငါးဖမ်းတဲ့လှေတွေကို  ရေတပ်က ပင်လယ်ထွက်ဝမှာ  လှေတစီးကို တလ ကျပ် ၁၀၀၀၀ ကနေ  ကျပ် ၃၀၀၀၀ အထိ  အဓမ္မငွေတောင်းနေတာဖြစ်ပါတယ်။  

ဆင်ခေါင်းရွာ ဒေသခံတယောက်က “ခု ပင်လယ်ထွက်ဝမှာ Navy ခေါ်တယ်ပေါ့၊ စစ်သင်္ဘောတစီးက ဆိုက်ကပ်ထားပြီး ငွေကောက်ခံနေပါတယ်။ ပုစွန်ရှာတဲ့ လှေတစီးကို တလ ကျပ်တသောင်း၊ မီးထွန်းလှေ(ကျော့ပိုက်လှေ) တစီးကို တလ သုံးသောင်း တောင်းနေပါတယ်။ ခုလက်ရှိလည်း လှေတော်တော်များများက ပေးပြီးသွားကြပြီ” လို့ ပြောပါတယ်။

ဆင်ခေါင်းရွာမှာ ပင်လယ်ထွက် ငါးဖမ်းတဲ့ လှေပေါင်း ၁၇၀ ကျော်ရှိပြီး အနားမှာရှိတဲ့ မြို့တောင်ရွာမှာလည်း မီးထွန်းလှေ ၁၀ ဖောင်၊ အစီး ၃၀ လောက်ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ပိုက်ဆံမပေးရင် ပင်လယ်မထွက်ရဘူးလို့ ပြောတယ်။ ဘယ်သူ့ကိုမှ တိုင်လို့လည်း မရဘူးလေ။ ငွေပေးပြီးတော့ပဲ ထွက်ရတာပေါ့။ အခုက ငါးဖမ်းရာသီရောက်နေပြီကိုး” လို့ ပြောပါတယ်။

သံတွဲမြို့နယ် မောင်ရွှေလေးရွာမှာ ရေတပ်စခန်းရှိပြီး စစ်သင်္ဘောဟာ ပင်လယ်ထွက်ဝမှာ ကျောက်ချ ရပ်တန့်ထားတာ ၁၅ ရက်လောက်ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။ 

သံတွဲမှာ ပင်လယ်ကမ်းခြေကနေ တိုက်ရိုက် ပင်လယ်ထဲထွက်ပြီး ငါးဖမ်းတဲ့ တခြားဇုန်တွေလည်း ရှိနေသေးပြီး အဲဒီမှာလည်း ငွေကောက်၊ မကောက်ကိုတော့ မသိရသေးပါဘူး။

3 months Ago
Up