ငါးဖမ်းလုပ်ငန်း

March 14, 2022

ဆီစျေးနှင့် ငါးဖမ်းကိရိယာဈေးနှုန်း မြင့်တက်မှုကြောင့် ရေး ငါးဖမ်းလုပ်ငန်း အရှုံးပေါ်

မွန်ပြည်နယ် ရေးမြို့နယ်က ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ စက်သုံးဆီစျေးနဲ့ ငါးဖမ်းကိရိယာပစ္စည်းဈေး မြင့်တက်လာတာကြောင့် ကုန်ကျစရိတ်တွေနဲ့ တွက်ခြေမကိုက်ကြဘဲ အရှုံးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့  လုပ်ငန်းရှင်တွေက ပြောပါတယ်။

“အခု စက်သုံးဆီစျေးက ၄ ဆ လောက် တက်တယ်၊ ပြီးတော့ ငါးဖမ်းကိရိယာတွေက အစဈေးနှုန်းတွေမှာ ၃ ဆ လောက်နီးပါးလောက်တက်တော့ ကျန်တဲ့ အလုပ်သမားတွေရဲ့ စရိတ်ကလည်း များတော့ ပင်လယ်ငါးဖမ်းလုပ်ငန်းက ရေရှည်မှာ ဘယ်လိုမှ ဆက်လက်ရပ်တည်လို့ မရဘူး” လို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် ငါးဖမ်းရာသီကာလမှာ ငါးမရကြတဲ့ ငါးဖမ်းလှေတွေ ကျပ်သိန်း ရာနဲ့ချီ အရှုံးပေါ် နေကြပြီး လုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်နားရဖွယ်ရှိတယ်လို့  ဆိုပါတယ်။ 

ဈေးနှုန်းတွေ မြင့်တက်တာကြောင့် ရေလုပ်ငန်းရှင် ရာခိုင်နှုန်းထက်ဝက်ကျော်နီးပါးလောက် အခု ငါးဖမ်းရာသီမှာ အရှုံးပေါ်ကြသလို လာမယ့် ငါးဖမ်းရာသီမှာ လုပ်ငန်းပါ ရပ်နားထားရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ရေလုပ်ငန်းရှင် ပြောပါတယ်။

ရေလုပ်သားအများစုဟာ အခြားမြို့တွေက လာရောက်လုပ်ကိုင်ကြတာဖြစ်ပြီး  အလုပ်လက်မဲ့များလာပါက မလိုလားအပ်တဲ့ မှုခင်းပြဿနာတွေလည်း ဖြစ်လာနိုင်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

နှစ်စဉ် ငါးဖမ်းရာသီကာလ ရေးမြို့နယ်က ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ အစီး ၅၀၀ လောက်ရှိပြီး ရေလုပ်သားတွေ ထောင်နဲ့ချီ၀င်ရောက်လုပ်ကိုင်နေကြတာပါ။

ထွက်ရှိလာတဲ့ ငါး၊ ပုစွန်၊ ငါးခြောက်မျိုးစုံကို ရေးမြို့နယ်အပြင် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးအထိ တင်ပို့နေတယ်လို့ သိရပါတယ်။

1 year Ago

November 2, 2021

ငါးဖမ်းခြင်း ရပ်တန့်ရန် ပြင်သစ်ကို ဗြိတိန် တိုက်တွန်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်က ငါးဖမ်းတာရပ်ဖို့ ပြင်သစ်နိုင်ငံကို နိုဝင်ဘာ ၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

လယ်ဟာဗရေမြို့နားက ပြင်သစ် ရေပိုင်နက်ထဲမှာ ဂုံးကောင်ရှာတဲ့ ဆွဲပိုက်ချ ဗြိတိန်သင်္ဘော Cornelis Gert Jan ကို ပြင်သစ်က သိမ်းခဲ့လို့ အောက်တိုဘာ ၂၇ ရက်က နှစ်နိုင်ငံကြား ငါးဖမ်းခွင့်နဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ကြပါတယ်။

ဒီငါးဖမ်းခြင်းကြောင့် ဥရောပရဲ့ အကြီးဆုံးစီးပွားရေး အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်တို့ကြား ကုန်သွယ်ရေး အငြင်းပွားမှု ကျယ်ပြန့်လာမယ့် ဘေးတွေ ခြိမ်းခြောက်နေတာပါ။

ပြင်သစ်ဆိပ်ကမ်းတချို့မှာ ဗြိတိန်သင်္ဘောတွေ ကမ်းကပ်ခွင့် တားမြစ်ပိတ်ပင်ပြီး ဗြိတိန်က ကုန်စည်တွေကို နယ်စပ်နဲ့ သန့်ရှင်းရေး ပိုတိုးစစ်ဆေးမယ့် အလားအလာတွေနဲ့အတူ နိုဝင်ဘာ ၂ ရက်ကစပြီး ပြင်သစ်နဲ့ ဗြိတိန်ကြားက အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော် ကုန်သွယ်ရေးကို ပိတ်ဆို့နိုင်တယ်လို့ ပြင်သစ်အစိုးရက ခြိမ်းခြောက်ပါတယ်။

EU နဲ့ ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ထဲက အငြင်းပွားမှု ဖြေရှင်းရေးယန္တရားကို သုံးပြီး ပြင်သစ်ကို အရေးယူဖို့ စီစဉ်နေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။

ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ချိန်က သဘောတူထားတဲ့ ကုန်သွယ်ရေး သဘောတူညီ ချက်အောက်မှာ တရားရင်ဆိုင်မလား၊ ခြိမ်းခြောက်မှုတွေကို ရပ်မလားလို့ ထရပ်စ်က ပြင်သစ်ကို ပြောပါတယ်။

1 year Ago
Up