တရားမဝင် ငါးဖမ်းမှုနဲ့ ဖမ်းဆီးထားသူ အများဆုံးပါတဲ့ အိန္ဒိယအကျဉ်းသား စုစုပေါင်း အယောက် ၃၆၀ ကို ပါကစ္စတန်နိုင်ငံက ပြန်လွှတ်ပေးလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချိမြို့ အန်ဒီ အကျဉ်းထောင်ကနေ လွန်ခဲ့တဲ့ သီတင်းသုံးပတ်အတွင်း အိန္ဒိယအကျဉ်းသား အယောက် ၃၀၀ ကို သုံးခါခွဲ လွှတ်ပေးခဲ့ပြီး ကျန်တဲ့ အယောက် ၆၀ ကို ဧပြီ ၂၈ ရက်နေ့က အပြီးသတ် လွှတ်ပေးခဲ့တာပါ။
ပါကစ္စတန်နိုင်ငံပိုင်နက် အာရေဗျပင်လယ် ရေပြင်အတွင်း တရားမဝင် ငါးဖမ်းသူတွေကို အန်ဒီအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ အိန္ဒိယနိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ ပါကစ္စတန်က ပြီးခဲ့တဲ့လကတည်းက ကတိပြုခဲ့တာပါ။
ပြန်လွှတ်လိုက်သူ အားလုံးထဲမှာ ငါးယောက်က ပြည်ဝင်ခွင့် ဗီဇာသက်တမ်း ကျော်လွန် နေထိုင်ခဲ့လို့ အဖမ်းခံခဲ့ရတာဖြစ်ပြီး ပါကစ္စတန် လူမှုဖူလုံရေးအဖွဲ့ အက်ဒ်ဒီ ဖောင်ဒေးရှင်းရဲ့ (Edhi Foundation) အကြီးအကဲက ပြောပါတယ်။
ပါကစ္စတန်နဲ့ အိန္ဒိယရေတပ် အဖွဲ့အစည်းတွေဟာ တရားမဝင် ငါးဖမ်းတယ်လို့ စွပ်စွဲပြီး နှစ်နိုင်ငံက ငါးဖမ်းသမားတွေကို အပြန်အလှန် ဖမ်းလေ့ရှိကြပါတယ်။
အိန္ဒိယအစိုးရ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသဘက် အခြမ်းမှာ အသေခံဗုံးခွဲမှုတခုကြောင့် အိန္ဒိယစစ်သား အယောက် ၄၀ ကျော် သေဆုံးပြီးနောက် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ ပါကစ္စတန်နဲ့ အိန္ဒိယ အိမ်နီးချင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။
2 years Ago