ငါးဖမ်းလုပ်ငန်း

June 14, 2018

ရဲတံခွန်စီမံကိန်းကြောင့် ငါးဖမ်းလုပ်ငန်း ထိခိုက်နိုင်သဖြင့် ဒေသခံများ ကန့်ကွက်

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာလုပ်ကိုင်မယ့် ရဲတံခွန်စီမံကိန်း ရေနံနဲ့သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေတူးဖော်လုပ်ငန်းကြောင့် ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်နိုင်တဲ့အတွက် ဒေသခံ လူထုက ကန့်ကွက်ခဲ့ပါတယ်။ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ လုပ်ကွက် M12 , M13, M14 နေရာတွေမှာ ရဲတံခွန်စီမံကိန်းအမည်နဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေ တူးဖော်ဖို့ ပတ်ဝန်းကျင်ဆန်းစစ်မှုဆိုင်ရာ ကိစ္စရပ်တွေကို တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဇွန် ၁၂ ရက်က PC Myanmar ကုမ္ပဏီ တာဝန်ရှိသူတချို့ လာရောက် ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီလို လုပ်ကိုင်မယ့်နေရာမှာ ဒေသတွင်းငါးဖမ်း လုပ်ငန်းတွေကို ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်လို့  မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောပါတယ်။ အခုလို ကန့်ကွက်မှုတွေနဲ့ပတ်သက်ပြီး လူထုသဘောထား စစ်တမ်းတွေကို ကောက်ယူကာ သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြပြီး စီမံကိန်း ဆက်လက်အကောင်ထည်ဖော်သွားမယ်လို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အခုလုပ်ဆောင်မယ့် ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ကွက်သုံးခုရဲ့ဧရိယာအကျယ်ဝန်းဟာ စတုရန်း ကီလိုမီတာ သုံးသောင်းလောက်ရှိပါတယ်။ အဲဒီနေရာဟာ လက်ရှိ ဒေသ ငါးဖမ်းလုပ်ငန်းရဲ့ ၆၀ ရာခိုင်နှုန်းလောက် လုပ်ကိုင်နေတဲ့နေရာလည်းဖြစ်ပါတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေတာကို ၂၀၁၈ ခုနှစ် မုတ်သုံရာသီအကုန်မှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး ရေနံနဲ့ဓာတ်ငွေ့ ထွက်ရှိရင်တော့ စာချုပ်သက်တမ်းအရ နှစ် ၃၀ လုပ်ကိုင်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။ အောင်ကျော်
3 years Ago

January 25, 2018

ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးမှု အမြစ်တွယ်နေဟု ဝေဖန်မှု ထိုင်းပယ်ချ

ဘတ်ငွေဘီလျံချီပြီး လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံရဲ့ ပင်လယ်ထွက်ပစ္စည်းလုပ်ငန်းမှာ လူကုန်ကူးမှု အမြစ်တွယ်နေတယ်ဆိုတဲ့ ဝေဖန်မှုကို ထိုင်းရဲတွေက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ဒီပယ်ချမှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေအပေါ် အမြတ်ထုတ် အနိုင်ကျင့်မှုတွေနဲ့ ပတ်သက်လို့ ပြုပြင်ရေးလုပ်ငန်းက မအောင်မြင်ဘူးလို့ စွပ်စွဲပြီးနောက် ပေါ်ထွက်လာခဲ့တာပါ။ ထိုင်းနိုင်ငံဟာ ဂျပန်၊ အမေရိကန်နဲ့ ဥရောပတခွင်က အဓိကဈေးကြီးတွေကို ပင်လယ်ထွက်ပစ္စည်းတင်ပို့တဲ့ ကမ္ဘာ့နံပါတ်လေးစာရင်းဝင်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေကို လူကုန်ကူးပြီး တရားမဝင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတယ်လို့ စွပ်စွဲခံနေရကာ အကျိုးအမြတ်များစွာရှိတဲ့ ဒီလုပ်ငန်းက အမြတ်ထုတ်မှုရဲ့ အရင်းအမြစ်ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောနေကြတာပါ။ ထိုင်းနိုင်ငံရဲ့ တရားမဝင် ငါးဖမ်းလုပ်ငန်းနဲ့ အလုပ်သမားတွေအပေါ် အမြတ်ထုတ်မှုကို ထုတ်ဖော်မပြောရင် ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ပင်လယ်ထွက်ကုန်တွေအားလုံးကို တားမြစ်မယ်လို့ ဥရောပသမဂ္ဂက ခြိမ်းခြောက်ခဲ့ပြီးနောက် အာဏာရ ထိုင်းအစိုးရက အဓိကလှုံ့ဆော်မှုကို ပြန်လည်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရရဲ့ ပြန်လည်ပြုပြင်ရေး ပိုမိုလုပ်ဆောင်နေပေမယ့် အဓမ္မအလုပ်ခိုင်းစေမှုနဲ့ တခြား အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျန်ရှိနေတုန်းပဲလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြန်လည်ပြုပြင်ရေးက တရားမဝင် ငါးဖမ်းလုပ်ငန်းကို ကိုင်တွယ်ဖို့ အာရုံစိုက်ပေမယ့် အလုပ်သမားတွေအပေါ် အမြတ်ထုတ်မှုကိုတော့ နည်းနည်းပဲ ထိန်းချုပ်နိုင်သေးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဥရောပသမဂ္ဂက အဝါကတ်ပြ သတိပေးပြီးနောက်မှ ထိုင်းရဲတပ်ဖွဲ့က သူတို့အနေနဲ့ ၂၀၁၅ ခုနှစ် မေလကတည်းက လူကုန်ကူးခံရသူ ၁၆၀ ကို ကယ်တင်ခဲ့ပြီး လူကုန်ကူး သံသယရှိသူ ၁၀၀ ကို ထောင်ဒဏ်ချမှတ်ကာ နှိမ်နင်းမှု အောင်မြင်ခဲ့တယ်လို့ ဇန်နဝါရီလ ၂၄ ရက်နေ့က အခိုင်အမာ ပြန်ပြောလိုက်ပါတယ်။ ဂျီပီအက်စ် စောင့်ကြည့်စနစ်အသစ် မတပ်ဆင်တဲ့ ငါးဖမ်းလုပ်ငန်းတွေ တရားမဝင် ရေပိုင်နက်မှာ ငါးဖမ်းတာ အပါအဝင် ဥပဒေချိုးဖောက်လို့ ငါးဆွဲပိုက် ၄၂၄၂ ခုရဲ့ လိုင်စင်တွေကို အာဏာပိုင်တွေက သိမ်းခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ထိုင်းဥပဒေပြုရေးဌာနက အရာရှိ ဂျာရူဗက်ဗိုင်ဆာရာက “ကျနော်တို့ အဝါကတ် ပြခံရပြီးတော့ ငါးဖမ်းလုပ်ငန်းမှာ အသစ်ဖြစ်ပြီး တင်းကျပ်တဲ့ ဥပဒေတွေကို သုံးခဲ့တယ်” လို့ ပြောပါတယ်။ ဧပြီလလောက်မှာ ထွက်ပေါ်လာဖို့ရှိတဲ့ ဥရောပသမဂ္ဂရဲ့ အကဲဖြတ်ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံက မျှော်လင့်ထားတယ်လို့လည်း အရာရှိ ဂျာရူက ပြောပါတယ်။ “ငါးဖမ်းသမားတွေရဲ့ ဘေးအန္တရာယ်ကင်းရေး၊ ကျန်းမာရေးနဲ့ အခွင့်အရေးတွေကို ထိုင်းနိုင်ငံက အကာအကွယ်ပေးအောင်” ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံနဲ့ တခြား နိုင်ငံတကာက ဝယ်သူတွေ ဖိအားတိုးပေးတာတွေ အမြန်ဆုံးလုပ်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှဒါရိုက်တာ ဘရက်အဒမ်စ်က တိုက်တွန်းထားကြောင်း ကိုကိုးနက်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up