ငါးဖမ်းခွင့်

July 25, 2019

ငါးဖမ်းခွင့် မပိတ်ပင်ရန် ဗြိတိန်ဝန်ကြီးချုပ်သစ်ကို ပြင်သစ်ဝန်ကြီး သတိပေး

ဗြိတိန်ရေပိုင်နက်ထဲမှာ ပြင်သစ်ငါးဖမ်းသမားတွေကို ငါးဖမ်းခွင့် မပိတ်ပင်ဖို့ ပြင်သစ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဒီဒီယေး ဂီယမ်က ရွေးကောက်ခံ ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ကို ဇူလိုင် ၂၄ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဘာသဘောတူညီချက်မှ မရဘဲ နုတ်ထွက်လိုက်မယ်ဆိုရင် ဗြိတိန်ရေပိုင်နက်ထဲကို အီးယူသင်္ဘောတွေ ဝင်ရောက်ခွင့်မရှိသလို ဗြိတိန်သင်္ဘောတွေဟာလည်း အီးယူရေပိုင်နက်ထဲကို ဝင်ရောက်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငါးဖမ်းလုပ်ငန်းအပေါ် ဘရက်ဇစ်အရေး ရိုက်ခတ်မှုဟာ  ပြင်သစ်အတွက် အရေးပါတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗြိတိန်ရေပိုင်နက်ထဲကို တခြား အီးယူအဖွဲ့ဝင်နိုင်ငံတွေ ဝင်ခွင့်ရှိနေပါသေးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ပြင်သစ်ငါးဖမ်းသမားတွေနဲ့ ဗြိတိန် ငါးဖမ်းသမားတွေအကြား ရေပိုင်နက် အငြင်းပွားမှုတွေ အရှိန်မြင့်တက်ခဲ့ပါတယ်။ ၂၀၁၈ သြဂုတ်လကလည်း နော်မန်ဒီကမ်းရိုးတန်း ပင်လယ်ပြင်မှာ  ပြင်သစ်သင်္ဘောတွေဟာ ဗြိတိန်ပိုက်ချသင်္ဘောတွေကို ဝင်တိုက်မိခဲ့ပါသေးတယ်။
2 years Ago

June 26, 2019

ဘင်္ဂလားဒေ့ရှ်တွင် ငါးသားပေါက်ရာသီအတွင်း ငါးဖမ်းခွင့် ပိတ်ပင်

ငါးကောင်ရေ တိုးပွားရေးနဲ့ အလွန်အကျွံငါးဖမ်းမှု ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ မေလ ၂၀ ကနေ ဇူလိုင် ၂၃ ထိ ငါးဖမ်းခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါကြောင့် နိုင်ငံတလွှား ငါးဖမ်းသမားတွေကနေ ငါးဖမ်းသင်္ဘောပိုင်ရှင်တွေ၊ ကုန်သည်တွေ၊ ငါးစက်ရုံတွေနဲ့ ဝန်ထမ်းတွေပါ အကျိုးသက်ရောက်မှု ခံစားနေရပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်းက ငါးမျိုးစိတ် အများအပြားအတွက် သားပေါက်ရာသီဖြစ်တဲ့ ၆၅ ရက်တာ ကာလကို ငါးမဖမ်းရ ကာလအဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ပထမဆုံး ပိတ်ပင်တားမြစ်ခဲ့တာပါ။ တားမြစ်ပိတ်ပင်ချက် တလပြည့်အပြီးမှာ ငါးဖမ်းလှေတွေဟာ ကောက်ဘဇားမြို့နားက ဘက်ခါလီမြစ်မှာ ငြိမ်သက်နေပါတယ်။ ဆိပ်ကမ်းတွေလည်း သင်္ဘောကင်းမဲ့နေပြီး အလုပ်သမားတွေက ပိုက်တွေ၊ လှေတွေကို ပြင်ဆင်နေပါတယ်။ ငါးဖမ်းသမားတွေနဲ့ ကာယလုပ်သားတွေ အများအပြားဟာ ခုလိုအချိန်မှာ အချိန်ဖြုန်းဖို့ကလွဲပြီး တခြား အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ မရှိကြဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ကောက်ဘဇား ကမ်းရိုးတန်းမြို့မှာ ငါးဖမ်းသင်္ဘော အစီးလေးထောင်နဲ့ ငါးဖမ်းသမား အယောက် ၈ သောင်း ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ လောလောဆယ်မှာတော့ ကုန်သည်တွေဟာ တားမြစ်ပိတ်ပင်ချက် မထုတ်ခင်က ဖမ်းပြီး အေးခဲထားတဲ့ ငါးတွေကို ဒေသတွင်း ဈေးတွေမှာ ရောင်းနေကြပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းမှာ လူအယောက် သန်း ၂၀ လောက်နေပြီး ငါးလုပ်ငန်းအပေါ် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် မှီခိုနေကြရတာပါ။ ငါးမဖမ်းရ ပိတ်ပင်ချက်ကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ ငါးဖမ်းသမားတွေကို ကူညီဖို့ ငါးလုပ်ငန်းဌာနက မိသားစု လေးသိန်းအတွက် တစုကို တလ ဆန်ကီလိုလေးဆယ် ပံ့ပိုးပေးဖို့ စီစဉ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ့ငါးဈေးကွက်က အဓိကတင်ပို့သူ တနိုင်ငံပါ။ ၂၀၁၆ က ငါးတန်ချိန် လေးသန်း တင်ပို့ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းအင်းတွေက ဆိုပါတယ်။
2 years Ago
Up