“ငါ့ကားကိုရှိခိုးပါ”

A d v e r t i s e m e n t With Us

November 8, 2016

“ငါ့ကားကိုရှိခိုးပါ” အသုံးအနှုန်း ထိုင်းတွင် ရေပန်းစား (ရုပ်သံ)

ထိုင်းပရီစင်တာနဲ့ ရုပ်ရှင်သရုပ်ဆောင်တဦးက သူ့ကားကို မော်တော်ဆိုင်ကယ်နဲ့ လာတိုက်သွားတဲ့လူငယ်ကို ထိုးကြိတ်ပြီး ကားကိုရှိခိုးကန်တော့ခိုင်းခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ငါ့ကားကိုရှိခိုးပါဆိုတဲ့ အသုံးအနှုန်း ရေပန်းစားနေပါတယ်။ နော့တ် အခရနတ် အရိယရစ်ထိဝိကွန်း လို့ခေါ်တဲ့ တီဗွီပရီစင်တာ၊ သရုပ်ဆောင်တဦးရဲ့ မော်တော်ကားဟာ နိုဝင်ဘာ ၆ ရက်နေ့က ဆိုင်ကယ်တစ်စီးရဲ့ ပွတ်တိုက်မှုကို ခံခဲ့ရပြီး ကားနောက်မီးလုံး အနည်းငယ်ကွဲသွားပါတယ်။ သူက အဆိုပါ ဆိုင်ကယ်စီးလူငယ်ကို ဂုတ်ဆွဲလာပြီး မျက်နှာကို လက်သီးနဲ့ထိုးခဲ့သလို သူ့ရဲ့ မော်တော်ကားဟာ ဘတ်သန်းကျော်တန်တဲ့အတွက် လူငယ်ကနေပြီး သူ့ကားကို  ပြန်ရှိခိုးတောင်းပန်ဖို့ ပြောခဲ့ပါတယ်။ ဖြစ်စဉ် ဗွီဒီယိုကလစ်တွေ လူမှုကွန်ရက်ပေါ် ရောက်လာပြီးတဲ့နောက်မှာတော့ “နော့တ်” ကို ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ သူက လက်သီးနဲ့ထိုးလိုက်တဲ့ လူရွယ်မှာ နှာခေါင်းရိုးကျိုးသွားတဲ့အတွက် “နော့တ်” ကို တရားဥပဒေအရ အရေးယူပေးဖို့ လူငယ်ရဲ့ မိသားစုတွေက ရဲစခန်းမှာ သွားရောက်အမှုဖွင့်လိုက်ပါတယ်။ သူက ရဲစခန်းမှာလာရောက်ပြီး သူ့အပြုအမူကို တောင်းပန်ခဲ့ပေမယ့်လည်း သူတပါးကို ကိုယ်ထိလက်ရောက်ပြုမူမှုနဲ့ အရေးယူခံရမှာဖြစ်သလို သူအလုပ်လုပ်နေတဲ့ GMM TV ကုမ္ပဏီကလည်း “နော့တ်” ဟာ လူငယ်တွေရဲ့ စံပြဖြစ်နေရမယ့်အစား အခုလို ရိုင်းပြစွာပြုမူလိုက်တာဟာ ပရီစင်တာတဦးအနေနဲ့ မဆီလျော်တာ လုပ်လိုက်ကြောင်း၊ ကုမ္ပဏီဝန်ထမ်းရဲ့ ကျင့်ဝတ်စည်းကမ်းတွေနဲ့လည်း ညိနေတဲ့အတွက် သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေ အကုန်ဖျက်သိမ်းကြောင်း နိုဝင်ဘာ ၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ အလားတူ ထိုင်းပီဘီအက်စ် တီဗွီသတင်းဌာနကလည်း “နော့တ်” ကြေညာမယ့် အစီအစဉ်တွေ ဆိုင်းငံ့ကြောင်း ကြေညာပါတယ်။ ထိုင်းလူမှုကွန်ရက်တွေမှာလည်း “ငါ့ကားကိုရှိခိုးပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကာတွန်း၊ ဓာတ်ပုံ၊ သီချင်း၊ ဇာတ်လမ်းတိုတွေ ဖန်တီးပြီး “နော့တ် အခရနတ်” ကို နောက်ပြောင်ရှုတ်ချနေကြတာ ဖြစ်ပါတယ်။
4 years Ago
Up