ငါတို့အားလုံးရဲ့မြေ

August 5, 2020

အဆိုတော်ယုန်လေး၏ သီချင်းဗွီဒီယိုရိုက်ကူးမှုကို ပြန်စိစစ်မည်

လူမှုကွန်ရက်မှာ လတ်တလော ဝေဖန်မှုတွေမြင့်တက်နေတဲ့ အဆိုတော်ယုန်လေးရဲ့ သီချင်းဗွီဒီယိုရိုက်ကူးမှုနဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံးနဲ့ပူးပေါင်းပြီး စိစစ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီMTVရိုက်ကူးတာနဲ့ပတ်သက်လို့ ဘယ်နေ့က၊ ဘယ်အချိန်က၊ ဘယ်လိုပုံစံနဲ့ရိုက်တယ်၊ ဘယ်သူ့ခွင့်ပြုချက်နဲ့ရိုက်တယ်ဆိုတာကို စိစစ်ဆောင်ရွက်မယ်လို့ ပြောတာပါ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ပူးပေါင်းပြီးတော့ စိစစ်ဆောင်ရွက်မယ်လို့ပြောတာပါ။ စုံစမ်းစစ်ဆေးတဲ့အဆင့်တော့ မဟုတ်ပါဘူး” လို့  ဦးအေးကြွယ်က ပြောပါတယ်။ အဲဒီလို စိစစ်ပြီးမှ ကိုဗစ်ကာလစည်းကမ်းချက်တွေနဲ့ညီ၊ မညီ ဆုံးဖြတ်ပြီး ရှေ့ဆက်ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကို ပြောလို့ရမယ်လို့ သူကဆိုပါတယ်။ အဆိုတော့ယုန်လေးစီစဉ် ရိုက်ကူးပြီး  အဆိုတော်များစွာပါဝင်သီဆိုထားတဲ့ ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီမြန်မာပြည်) သီချင်းဗွီဒီယိုကို  သြဂုတ် ၄ ရက်နေ့က လူမှုကွန်ရက်မှာတင်ခဲ့တာပါ။ အဲဒါနဲ့ပတ်သက်လို့ လူထုအကြားဝေဖန်မှုတွေမြင့်တက်ခဲ့ပြီးနောက် ဒီနေ့ သြဂုတ် ၅ရက်နေ့မှာ ပြန်လည်ဖြုတ်ချပေးခဲ့ကာ အဆိုတော်ယုန်လေးက ပြန်လည်တောင်းပန်ခဲ့ပါတယ်။ သတင်း-ထက်ဝေအောင်
3 years Ago
Up