ငဝန်မြစ်

March 17, 2021

ပုသိမ်မြို့ ငဝန်မြစ်အတွင်း ရေတပ်သင်္ဘော ဖြတ်သန်းမောင်းနှင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရဲ့ ငဝန်မြစ်အတွင်းမှာ မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်္ဘော ၁ စီး ဖြတ်သန်းမောင်းနှင်ခဲ့တယ်လို့ သိရပါတယ်။

ငဝန်မြစ်အတွင်းဖြတ်သန်းမောင်းနှင်ခဲ့တဲ့ တိုက်ရေယာဥ်အမှတ် ၄၁၅ ဟာ ငဝန်မြစ်ဝနေ ပုသိမ်မြို့ရှိ စစ်တပ်ပိုင်း ရေတပ်ဆိမ်ကမ်း ကိုလာရောက်ခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့သူ ၁ ဦးက DVB ကို ပြောပါတယ်။

"နေ့လယ်လောက်က ဖြတ်မောင်းတာ သင်္ဘောကုန်းပတ်မှာ သေနတ်ပစ်စင်လိုမျိုးနဲ့ တိုက်သင်္ဘောပုံစံမျိုး နံပါတ်က ၄၁၅ လား မသိဘူး၊ အရင်က ပုံမှန်ဆို ဒါမျိုးလာလေ့မရှိဘူး၊ တစ်လ တစ်ခါတောင် မောင်းဒါမျိုးမတွေ့မိဘူး၊ ဒီနေ့မှ မြစ်ထဲမှာ ပြန်ဝင်လာတာ တွေ့တာ။”

ငဝန်မြစ်ထဲကနေ ဖြတ်သန်းမောင်းနှင်ပြီး ရေတပ်စခန်းမှာ ကမ်းကပ်ခဲ့တဲ့ စစ်သင်္ဘောဟာ ဘာကြောင့်လာရောက်တာလည်းဆိုတာကို ဒေသခံတွေက စိတ်ဝင်စားပြီး ကမ်းနားမှာ စောင့်ကြည့်နေသလို စစ်သင်္ဘောကတော့ ခုချိန်ထိပြန်ထွက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ပုသိမ်က ငဝန်မြစ်ထဲကနေ ပြန်ထွက်ရင်း ရန်ကုန်နဲ့ ရေတပ်အခြေဆိုက် စခန်းပြုလုပ်ထားတဲ့ ဟိုင်းကြီးကျွန်းဘက်ကို ထွက်နိုင်တာဖြစ်ပြီး ဟိုင်းကြီးကျွန်းဘက်ကနေ နိုင်ငံခြားသင်္ဘောတွေ ဝင်လာနိုင်လို့ ခုလိုကြိုတင်ပြင်ဆင်တာမျိုးလည်း ရှိနိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိပါတယ်။

မြို့ခံအချို့ကတော့ ခုလိုစစ်သင်္ဘောဝင်ရောက်တာဟာ ပုံမှန်မြစ်ထဲ လုံခြုံရေးယူထားတဲ့ စစ်သင်္ဘောတွေ ချိန်းတာမျိုးနဲ့ ရိက္ခာလာတင်တာမျိုးတွေလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့ရဲ့ ငဝန်မြစ်ထဲမှာ စစ်တပ်ရဲ့အာဏာမသိမ်းခင် ၁ ရက် အလို ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းကလည်း ခုလို စစ်သင်္ဘော ၁ စီး မြစ်ထဲကနေ မြစ်ဝဘက်ကို မောင်းနှင်သွားတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - CJ

3 months Ago

February 19, 2020

ပုသိမ်တံတားသစ် ၇၀ ရာခိုင်နှုန်းပြီးစီး၊ စက်တင်ဘာလအတွင်း အပြီးတည်ဆောက်မည်

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့မှာ ငဝန်မြစ်ကိုဖြတ်ပြီး တည်ဆောက်နေတဲ့ ပုသိမ်တံတား အမှတ် ၂ တံတားတည်ဆောက်နေမှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ ဧရာဝတီတိုင်း လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာစတင်ဆောက်လုပ်ခဲ့တဲ့ ပုသိမ်တံတား အမှတ် ၂ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ ၁၆ က တာဝန်ယူတည် ဆောက်နေတာဖြစ်ပြီး စက်တင်ဘာလမကုန်မီ အပြီးတည်ဆောက်ဖို့ ရည်မှန်းထာတာပါ။ "ပုသိမ်မြစ်ကူးတံတားဆည်ဆောက်မှုက ၇၀ ရာနှုန်းလောက် ပြီးနေပါပြီလို့ ပြောလို့ရပါတယ်။ ဒီ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ ပြီးအောင်ကြိုးစားပြီးလုပ်နေပါတယ်"လို့ ဧရာဝတီတိုင်း လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီ ကိုပြောပါတယ်။ တည်ဆောက်နေတဲ့ပုသိမ်တံတား အမျိုးအစားဟာ သံမဏိသံပေါင်ခုံးတံတားဖြစ်ကာ ခန့်မှန်းတန်ဖိုး ၂၈ ဒသမ ၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်နေတာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်တံတား အမှတ် ၂ ဟာ အရှည်ပေ ၂၃၈၀ ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိကာ လူသွားလမ်းတဘက်မှာ ၅ ပေပါဝင်မှာဖြစ်ပြီး မြစ်နဲ့ တံတား ရေလမ်းကင်းလွတ်အကျယ် ၄၁၆ ပေနဲ့ အမြင့်ပေ ၆၀ ပါရှိမှာပါဖြစ်ပါတယ်။ တံတားတည်ဆောက်မှုပြီးစီးသွားပါက ပုသိမ်မြို့မှတဆင့် ပုသိမ်တံတား အမှတ် ၂ ကို ဖြတ်သန်းပြီး ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံကမ်းခြေတွေအပါအဝင် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ကို ကမ်းခြေပတ်လမ်းတွေက တဆင့်သွားလာနိုင်မှာပါ။ လက်ရှိပုသိမ်ကြိုးတံတားဟောင်းမှာ ခံနိုင်ဝန်လျော့ကျနေပြီဖြစ်လို့ တန် ၂၀ နဲ့ တန် ၂၀ အောက် ယာဉ်တွေကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံက သိရပါတယ်။ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက ပုသိမ်တံတား အမှတ် ၂ တည်ဆောက်နေမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲတွေလာရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းစေဖို့နဲ့ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်ဖို့ မှာကြား သွားပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up