ငလျင်လှုပ်

December 20, 2022

နေပြည်တော်တွင် ငလျင်လှုပ်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ကိုဗဟိုပြုပြီး   အင်အားရစ်ချ်တာစကေး ၄ ဒသမ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု ဒီဇင်ဘာ ၂၀ ရက်က  လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၁)မိနစ်၊ (၁၉) စက္ကန့်အချိန်မှာ နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် ၁၅ မိုင်လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ပုဗ္ဗသီရိမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  ၉၆ ဒသမ ၁၅ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ သတင်းမှာဖော်ပြပါတယ်။

အဆိုပါငလျင်ကြောင့် လူတွေထိခိုက်တာနဲ့  နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုသတင်းတွေက တော့ မကြားသိရသေးပါဘူး။

အခုရက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ  မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ  ၁၉ ရက်ကလည်း မန္တလေး၊ တံတားဦးမြို့အနီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်လှုပ်ခတ်သွားပါတယ်။

ဒီဇင်ဘာလ ၁၅ ရက် မနက်အစောပိုင်းကလည်း တံတားဦးမြို့အနီးမှာ ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိ  အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်ခဲ့သလို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကလည်း မန္တလေးမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် စေတီပုထိုးတော်တွေရဲ့ စိန်ဖူးတော်အများအပြား မြေခခဲ့ရကာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ရဲ့ အနောက်ဘက် မိုင် ၂၀ လောက် အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။

2 months Ago

November 22, 2022

အင်ဒိုနီးရှားတွင် မြေငလျင်လှုပ်ပြီး လူပေါင်း ၁၆၀ ကျော်သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်မှာ နိုဝင်ဘာ ၂၁ ရက်က ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၆ အဆင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့လို့  လူပေါင်း ၁၆၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

မြို့တော် ဂျာကာတာရဲ့ အရှေ့တောင်ဘက် ၄၅ မိုင် အကွာ တောင်တန်း အနောက်ဂျာဗားရှိ  စီအန်ဂျာမြို့အနီးကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီဒေသဟာ လူဦးရေ ၂ သန်းခွဲကျော် နေထိုင်ပါတယ်။ 

ငလျင်ကြောင်း လူပေါင်း ၁၆၂ ဦး သေဆုံးကြောင်း အစိုးရ တာဝန်ရှိသူက အတည်ပြုပြောကြားခဲ့ပြီး အပျက်အစီးအောက်မှာ ပိတ်မိနေတယ်လို့ ယူဆရသူ  ၂၅ ယောက်လောက်ကိုလည်း ကယ်ဆယ်ရေးသမားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။

ဒီငလျင်ကြောင့် အိမ်ခြေ ၂၂၀၀ ကျော် ပျက်စီးခဲ့ပြီး လူ ၅၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ BNPB က ပြောပါတယ်။

3 months Ago
More News
Up