ငလျင်

September 16, 2021

ရိခ်ခေါဒါရ်မြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့အနီးမှာ စက်တင်ဘာ ၁၅ ရက် မနေ့ညက  အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၄  အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်သွား တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ 

မနေ့ည ၈ နာရီလောက်က ဟားခါးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၄၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ရိဒ်ခေါဒါရ်မြို့ အရှေ့ဘက် ၇ မိုင် အကွာ၊ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၃၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၅၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ အဆိုပါမြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မရရှိပါဘူး။  

2 weeks Ago

August 15, 2021

ဟေတီတွင် အင်အားပြင်း ငလျင်ကြောင့် လူ ၃၀၀ ကျော် သေဆုံး

ဟေတီနိုင်ငံ အနောက်တောင်ပိုင်းမှာ ဩဂုတ် ၁၄ ရက်က  အင်အားရစ်ချတ်တာ စကေး ၇ ဒသမ ၂ ရှိတဲ့ အကြီးစား ငလျင် လှုပ်ခတ်အပြီး လူ ၃၀၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၈၀၀ ထက်မနည်း ဒဏ်ရာရတယ်လို့ အရပ်ဘက်ကာကွယ်ရေးဌာန အာဏာပိုင်တွေက ပြောပါတယ်။

အိမ်ခြေ ၉၄၉ လုံးထက်မနည်း၊ ဘုရားကျောင်း ၇ကျောင်း၊ ဟိုတယ် ၂ လုံး၊ စာသင်ကျောင်း ၃ ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။

အရေးပေါ်အဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေက ကနဦး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး အပျက်အစီးတွေအောက်က လူအများအပြားကို ကယ်ထုတ်နိုင်ခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

အပျက်အစီးတွေကို စာရင်းကောက်ဖို့ ဝန်ကြီးချုပ်က လေယာဉ်နဲ့ ငလျင်သင့်ဒေသကို ရောက်လာပြီး အချိန်တလကြာ အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ပါတယ်။

အနားက မြို့မှာလည်း အဆောက်အအုံအများအပြား ပြိုကျပြီး အကြီးစား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြေပြိုလို့ လေကာယက်နဲ့ ဂျေရမီမြို့တို့ကြား အဝေးပြေးလမ်း ပိတ်ဆို့သွားခဲ့တယ်လို့ ဟေတီ အရပ်ဘက်ကာကွယ်ရေးဌာနက ပြောပါတယ်။

မြို့တော် ပို့ထ်အောပရင့်စ်ကနေ အနောက်ဘက် ကီလို ၁၅၀ အကွာလောက်က မြို့ရဲ့ မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ကာ ငလျင်အပြီး မြေပြင်တုန်ခါမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့လည်း အမေရိကန် ဘူမိစစ်တမ်းအဖွဲ့ USGS က ပြောပါတယ်။ 

မြို့တော် ပို့တ်အောပရင့်စ်မှာ ငလျင်လှုပ်တာကို ခံစားရပေမယ့် အကြီးစား အပျက်အစီး ဖြစ်ခဲ့ပုံ မရဘူးလို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ရိုက်တာက ပြောပါတယ်။

ဒေသစံတော်ချိန် မနေ့ မနက် ၈ နာရီခွဲက လှုပ်ခဲ့တဲ့ ငလျင်ကို ကျူးဘားနဲ့ ဂျမေကာနိုင်ငံတို့ကအထိ ခံစားခဲ့ကြရပါတယ်။

1 month Ago
More News
Up