ငလျှင် လှုပ်ခတ်

September 11, 2017

တိုက်ကြီးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၀ ရှိ ငလျှင် လှုပ်ခတ်

မြန်မာစံတော်ချိန် (၀၇)နာရီ (၄၉) မိနစ် (၄၃) စက္ကန့် အချိန်မှာ တိုက်ကြီးမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ မြို့ခံတဦးဖြစ်သူ ဦးတင်ဝင်းနိုင်ကတော့ ငလျှင် ၃ ကြိမ်လှုပ်ခတ်သွားတယ်လို့ ပြောပါတယ်။ “ဒီနေ့ မနက် ၇ ခွဲမှာ တကြိမ် ၇ နာရီ ၄၅ မိနစ်မှာ တကြိမ ၈ ကျော်မှာ တကြိမ် ၃ ကြိမ်လှုပ်သွားပါတယ်။ ပထမတကြိမ်နဲ့ ဒုတိယတကြိမ်လှုပ်တာ ပြင်းပါတယ်။ နောက်တကြိမ် ကတော့ နည်နည်းနည်းလေးလှုပ်တာပါ။ ဒါပေမယ့် ကျနော်တို့မြို့မှာ မတ်လ ၁၃ ရက်နေ့ ညဘက်မှာ ငလျှင်လှုပ်ခဲ့ဖူးတယ်လေ။ အဲ့တုန်းက အားပြင်းတော့ လူနေအဆောက်အဦတွေ ဘုန်းကြီးကျောင်းနဲ့ဘုရားပုထိုးတွေ ဌာနဆိုင်ရာ အဆောက်အဦတွေ ပြိုကျခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ အခုချိန်ထိလည်း အန္တရာယ်ရှိတဲ့အဆောက်အဦတွေ ရှိနေပါသေးတယ်။ ပြီးတော့ ငလျှင်က ခဏခဏလှုပ်နေတော့ လူတွေက စိုးရိမ်ကျတာပေါ့။” ဒီနေ့လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့် ရပ်ကွက်ကျေးရွာတွေမှာ ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၉ မိနစ်အချိန် လှုပ်ခတ်ခဲ့တဲ့ ငလျှင်လှုပ်ခတ်မှုကြောင့် လူ နှစ်ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင် သာသနိက အဆောက်အအုံ ၂၉ လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ဌာနဆိုင်ရာရုံး ၉ ရုံး၊ အခြားအဆောက်အအုံ ခြောက်လုံး၊ တံတားနှစ်စင်း၊ ကွန်ကရစ်လမ်းတလမ်း ထိခိုက်ပျက်စီးခဲ့ပြီး လူနေအိမ် ၃ လုံး၊ ရဲဝန်ထမ်းလိုင်းခန်းနေအိမ် ၃ လုံး ပြိုကျပျက်စီးခဲ့ပြီး ကျပ်သန်း ၁၉၅ သန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အခုတကြိမ် ငလျှင်ထပ်မံလှုပ်ခတ်လာတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်မှု ဖြစ်ပေါ်နေပါတယ်။ သတင်း - မေသွယ်
4 years Ago
Up