ငလျင်များနှင့်နေထိုင်ခြင်း

April 21, 2018

ငလျင်များနှင့်နေထိုင်ခြင်း

  ကမ္ဘာပေါ်တွင် မြေငလျင်များသည် တစ်နှစ်လျင် အကြိမ်ပေါင်း(၁.၃)သန်းခန့် လှုပ်ခတ်လျက်ရှိပြီး (၁၈)ခုခန့်သည် အဖျက်စွမ်းအားကြီးသော ငလျင်များဖြစ်နေလေ့ရှိသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် ငလျင်ကြောင့် လူဦးရေ သိန်းဂဏာန်းအထိ သေကြေပျက်စီးလေ့ရှိသည်။ ငလျင်လှုပ်ခတ်နိုင်မှု အခြေအနေကို ကြိုတင်ခန့်မှန်းနိုင်မှုမှာလည်း ယနေ့အထိ မရသလောက်နီးပါး ဖြစ်ပါသည်။ ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်မှုနှင့် သွယ်ဝိုက်ထိခိုက်မှုဟူ၍ (၂)မျိုး မြင်တွေ့နိုင်သည်။ တိုက်ရိုက် ထိခိုက်မှုအနေဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ လူများအား ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများဖြစ်စေတတ်သည်။ ဥပမာအားဖြင့် (၂၀၁၆)ခုနှစ် သြဂုတ်လအတွင်း လှုပ်ခတ်သွားသည့် အီတလီ ငလျင်တွင် ငလျင်ဗဟိုချက်သည် နှစ် (၇၀၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် အီတလီမြို့ဟောင်းတည်ရှိရာ နေရာတွင် ဖြစ်ပွားခဲ့သဖြင့် လူဦးရေ (၃၀၀)ကျော် သေဆုံးခဲ့ရပါသည်။ ရှေးဟောင်းလက်ရာဖြင့် တည်ဆောက်ခဲ့သော အဆောက်အဦ ပုံစံများဖြစ်သဖြင့် အိမ်အို၊ အိမ်ဟောင်း၊ သက်တမ်းကြာမြင့်နေသည့် အိမ်များအားလုံးနီးပါး ပြိုပျက်ခဲ့ရပါသည်။ ငလျင်ကြောင့် မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားခြင်းများကိုလည်း တွေ့ရှိနိုင်ပါသည်။ ထိုင်ဝမ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် လှိုင်းများကဲ့သို့ မြေမျက်နှာပြင် အနိမ့်အမြင့် ပြောင်းလဲပြီး မူလမြေညီနေသော နေရာများတွင် တည်ဆောက်ထားသော အိမ်များသည် မြေမျက်နှာပြင် ခုံးတက်လာမှုကြောင့် ပြိုကျပျက်စီးခြင်း၊ လမ်းများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ (၂၀၀၅)ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ငလျင် လှုပ်ခတ်မှုကြောင့် ရေအောက်မှ သန္တာကျောက်တန်းများ မြင့်တက်လာပြီး ယခင်က မြေမျက်နှာပြင် အမြင့်ပိုင်းတွင် ဆောက်လုပ် ထားသည့် ကမ်းခြေမှ လူနေအိမ်များသည် ရေအောက်သို့ နိမ့်ကျခြင်းမျိုး ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ဖြစ်ရပ်များကို နမူနာယူ၍ ကမ်းရိုးတမ်းဒေသ ရှည်လျားသည့် မြန်မာနိုင်ငံအတွက် တွေ့ကြုံလာရပါက ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။ ငလျင်လှုပ်ခတ်မှုကြောင့် သွယ်ဝိုက်ထိခိုက် သက်ရောက်မှုများမှာ မြေလွှာပျော်ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီ၊ မြေပြိုဆည်၊ မီးဘေး၊ ထိတ်လန့်သေဆုံးခြင်းတို့ဖြစ်သည်။ မြေလွှာပျော်ကျခြင်း။ ၁၆၆၄ ခုနှစ်က ဂျပန်နိုင်ငံတွင် ငလျင်ကြောင့် မြေလွှာပျော်ကျခြင်း ဖြစ်ပွားပြီး အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ပြီး လူများသေကြေပျက်စီးခဲ့ပါသည်။ မြေသားအောက်ခြေခိုင်မာမှု မရှိသည့် မြေမျက်နှာပြင်ပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အဦများသည် သာမန်အခြေအနေများတွင် မြေသားတည်ငြိမ်မှုရှိနေသော်လည်း ငလျင်လှုပ်ခတ်ပြီးနောက် မြေသားများပျော်ကျ ပြိုဆင်း၍ အဆောက်အဦများ ကျွံဝင်ခြင်း၊ ပြိုကျခြင်းများကို ဖြစ်စေပါသည်။ ထို့အပြင် ငလျင်လှုပ်ခတ်မှုကြောင့် မြေပြင်အက်ကွဲမှုများ ဖြစ်ပေါ်လာပြီး အက်ကွဲကြောင်းများမှ သဲများ မှုတ်ထုတ်လေ့ရှိသဖြင့် သဲများ၏ တွန်းတင်မှုကြောင့် အဆောက်အဦများ၏ အောက်ခြေခိုင်မာမှု အားပျော့စေပြီး ပြိုကျပျက်စီးခြင်းကို မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော တာလေငလျင်တွင် တွေ့ရှိနိုင်ပါသည်။ မြေပြိုခြင်း။ ၁၉၉၉ ခုနှစ်တွင် ထိုင်ဝမ်၌ ဖြစ်ပေါ်ခဲ့သည့် ချီချီငလျင်ကြောင့် (၃)ကီလိုမီတာခန့်ရှိ မြေပြင်ဧရိယာ ပြိုကျမှုများ ဖြစ်ပွားပြီး မြေပြိုကျသည့် နေရာအောက်တွင် တည်ဆောက်ထားသည့် အိမ်များ မြေအောက်သို့ ရောက်ရှိသွားခဲ့ပါသည်။ ဆူနာမီ။ ၂၀၀၄ ခုနှစ် ဆူမတြားတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ကာ လူဦးရေ သိန်းဂဏာန်းအထိ သေဆုံးခဲ့ရပါသည်။ မြေပြိုဆည်။ မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြေပြိုမှုများ ဖြစ်ပွားတက်ပြီး ကာလအတန် ကြာ သည့်အခါ မိုးရွာသွန်းမှုကြောင့် သဘာဝဆည်များအဖြစ်သို့ ရောက်ရှိသွားနိုင်သော်လည်း မြေသားခိုင်မာမှုမရှိ ခြင်းကြောင့် မိုးသည်းထန်းစွာ ရွာသွန်းသည့်အချိန်များတွင် မြေပြိုဆည်ကျိုးပေါက်ပြီး ရေစီးဆင်းသည့် လမ်းတလျှောက်ရှိ အရာဝတ္တုများကို ဖျက်စီးပစ်သည့် အန္တရာယ်ဖြစ်သည်။ မီးဘေး။ ဂျပန်နိုင်ငံ ကိုဘေးငလျင်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ဂက်စ်လိုင်းများ၊ မီးဖိုများ၊ လျှပ်စစ်ဝါယာကြိုးများမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးသူဦးရေ (၆၀၀၀)ကျော် ခဲ့ပါသည်။ ထိတ်လန့်သေဆုံးခြင်း။ ထို့အပြင် နှလုံးအားမကောင်းသည့် လူနာများနှင့် သက်ကြီးရွယ်အိုများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိတ်လန့်ပြီး သေဆုံးနိုင်သည်အထိ အန္တရာယ်ဖြစ်ပွားစေခြင်းမျိုးလည်း ရှိတတ်ပါသည်။ ငလျင်များအကြောင်းကို လေ့လာရာတွင် ကမ္ဘာကြီး၏ မျက်နှာပြင်ကို ဆက်စပ်ထားသော အက်ကြောင်းကြီးများသည် ငလျင်ကြော(ပြတ်ရွေ့)များ ဖြစ်ပြီး ချုပ်ရိုးကြောင်းများဟုလည်း တင်စားခေါ်ဆိုကြသည်။ အဆိုပါချုပ်ရိုးကြောင်းများထဲမှ ချုပ်ရိုးကြောင်းကြီးတစ်ခု ပေါ်တွင် မြန်မာနိုင်ငံသည် တည်ရှိနေပေသည်။ မြေလွှာများသည် ဆွဲနိုင်ဆန့်နိုင်သည့် သရေပင်ပမာရှိနေပြီး ဆွဲဆန့်မှုများလာသည့်အခါ ပြတ်ထွက်မှုများ ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့ ဖြစ်စေရန်အတွက် မြေထုအတွင်း စွမ်းအင်များစွာ လိုအပ်ပြီး လိုအပ်သော စွမ်းအင်ကို ရရှိစေရန် နှစ်ပေါင်းရာနှင့်ချီ၍ စုဆောင်းရပါသည်။ ငလျင်များအား လေ့လာရန် အသုံးပြုသည့် နည်းစနစ်များမှာ ဂြိုလ်တု ဓါတ်ပုံများ ရယူခြင်းနှင့် GPS ကို အသုံးပြု၍ တစ်နှစ်အတွင်း မြေလွှာထုမည်မျှရွှေ့လျားမှုရှိသည်ကို လေ့လာခြင်း ဖြစ်သည်။ ထို့အပြင် ငလျင်လှုပ်ခဲ့ဖူးသော သက်ရှင်ပြတ်ရွှေ့ နေရာများတွင် မြေကျင်းကြီးများတူး၍ လေ့လာ ခြင်းလည်း ပါဝင်ပေသည်။ အောက်တွင်ဖေါ်ပြထားသည့်ပုံတွင် အနီရောင်လိုင်းသည် ပြတ်ရွှေ့ငလျင်ကြောဖြစ်ပြီး မြေလွှာထု ထိစပ်နေရာတွင် ကြီးမားသောကန့်လန့်ဖြတ်ကျင်းကိုတူး၍ လေ့လာနေခြင်းဖြစ်သည်။ အဆိုပါ လေ့လာမှုတွင် မြေလွှာထုအတွင်းရှိ မီးသွေး၊ သစ်ပုတ်အပိုင်းအစများကို စစ်ဆေး၍ မြေလွှာ၏ သက်တမ်းကို ခန့်မှန်းတွက်ချက် နိုင်သည်။ ငလျင်များတွင် ငလျင်၏ အင်အားပမာဏ၊ ပြင်းအားပေါ်မူတည်၍ ဖျက်စီးနိုင်မှု စွမ်းအားသည်လည်း အမျိုးမျိုးတည်ရှိနေပါသည်။ ထို့အပြင် ပြတ်ရွေ့ခဲ့သည့် မြေများကို လေ့လာပြီး လှုပ်ခတ်ခဲ့သည့် ငလျင်၏ အင်အားပမာဏ၊ လှုပ်ခတ်ခဲ့သည့်နှစ်ကို ခန့်မှန်းတွက်ချက်ပြီး တကျော့ပြန် ငလျင်လှုပ်ခတ်နိုင်မှုနှင့် ဖြစ်ပေါ် နိုင်သည့် အင်အားပမာဏကို ခန့်မှန်းတွက်ချက်ကြပါသည်။ မြန်မာနိုင်ငံငလျင်အကြောင်းကို ဆွေးနွေးရမည်ဆိုပါက အဓိကငလျင်ကြောကြီး(ပြတ်ရွေ့)(၂)ခုနှင့် ဆက်စပ် နေလျက်ရှိသည်။ ပထမငလျင်ကြော(ပြတ်ရွေ့)သည် Indian Plate နှင့် Burma Plate ဆုံရာများဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ဘက် ပင်လယ်အတွင်းတွင် တည်ရှိပြီး မြန်မာနိုင်ငံတောင်ဘက် ကပ္ပလီပင်လယ်မှသည် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသအနောက်ဘက်ခြမ်းတလျှောက်နှင့် ဘင်္ဂလားဒေ့နိုင်ငံအထိ ရှည်လျားစွာ တည်ရှိနေသည်။ Indian Plate သည် Burma Plate ဘက်သို့ ငုံ့လျိုးတိုးဝင်လျက်ရှိသည်။ ဒုတိယငလျင် ကြောကြီး(ပြတ်ရွေ့)သည် Burma Plate နှင့် Sunda Plate ထိစပ်နေသည့်အပိုင်းဖြစ်ပြီး စစ်ကိုင်းပြတ်ရွှေ့ကြောဟု လူသိများသည်။ စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံတောင်ဘက်ခြမ်း အင်ဒိုနီးရှားနိုင်ငံအနီး ပင်လယ် အောက်မှစတင်ကာ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားမြို့ကို ဖြက်သန်းတည်ရှိနေပြီး ကီလိုမီတာ(၁၅၀၀)ကျော် ရှည်လျားပါသည်။ မြန်မာပြည်အရှေ့ဘက်၊ အရှေ့မြောက်ဘက် ရှမ်းကုန်းမြေမြင့် ဒေသများတွင်လည်း လာအို၊ ထိုင်း၊ တရုတ်နိုင်ငံများနှင့် ဆက်စပ်နေသည့် သက်ရှင်ငလျင်ပြတ်ရွှေ့ကြောများ တည်ရှိနေပါသည်။ စစ်ကိုင်းပြတ်ရွှေ့ကြောသည် အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံး ငလျင်ကြောဖြစ်ပြီး ရန်ကုန်ဘက်မှ မြေလွှာထုသည် မန္တလေးဘက်သို့ ဦးတည်၍ တစ်နှစ်လျှင် (၂)စင်တီမီတာခန့် ရွှေ့လျားလျက်ရှိပါသည်။ ဆိုရပါက မြန်မာနိုင်ငံ မြေမျက်နှာပြင်သည် ချုပ်ရိုးများစွာစီထားသည့်ဒေသဟုလည်း တင်စားပြောဆိုနိုင်ပါသည်။ မြန်မာနိုင်ငံသည် Indian Plate , Burma Plate, Sunda Spate (၃)ခုနှင့် ဆက်စပ်နေသည့် ဒေသဟု ခေါ်ဆို၍လည်း ရနိုင်ပါသည်။ အောက်ဖေါ်ပြပါပုံများတွင် နှစ်(၄၀)အတွင်း မြန်မာနိုင်ငံတွင် (၁၉၇၃ မှ ၂၀၁၂ ထိ) လှုပ်ခတ်ခဲ့သော ငလျင်ဗဟိုချက်များကို ဖော်ပြထားခြင်းဖြစ်ပြီး မြေမျက်နှာပြင်အောက် အနက် ကီလိုမီတာ(၃၀)အတွင်း လှုပ်ခတ်ခဲ့သော ငလျင်များကို အနီရောင်ဖြင့်လည်းကောင်း၊ ကီလိုမီတာ(၃၀)နှင့် (၅၀)အတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်များကို အ၀ါရောင်ဖြင့်လည်းကောင်း၊ ကီလိုမီတာ (၅၀)နှင့် (၇၀)ကြား လှုပ်ခတ်ခဲ့သည့် ငလျင်များကို အပြာနုဖြင့် လည်းကောင်း၊ ကီလိုမီတာ (၇၀)နှင့် (၁၅၀)ကြား လှုပ်ခတ်ခဲ့သည့် ငလျင်များကို အပြာရောင်ဖြင့် လည်းကောင်း၊ ကီလိုမီတာ (၁၅၀) အထက်နက်သည့် ငလျင်များအား အပြာရင့်ရောင်ဖြင့်လည်းကောင်း ဖော်ပြ ထားပါသည်။ စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် ငလျင်များစွာ လှုပ်ခဲ့ဖူးသော်လည်း ထူးခြားချက်(၁)ခုအနေဖြင့် နေပြည်တော် နှင့် မန္တလေးကြား ငလျင်ဗဟိုချက် မကျရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကီလိုမီတာ(၂၀၀)နီးပါးရှည်လျားသည့် ဒေသအတွင်း ငလျင်ဗဟိုချက် မရှိခဲ့ခြင်းသည် အကောင်းဘက်မှ တွေးပါက ငလျင်လှုပ်ခတ်ခြင်း မရှိသေးသည့်အပိုင်း (seismic gap) ဟု သက်မှတ်နိုင်သော်လည်း အခြားတစ်ဖက်၌ ငလျင်ပညာရပ်ရှူ့ထောင့်မှ စဉ်းစားပါက ကြီးမားသော ငလျင် ဗဟိုချက်ပြု လှုပ်ခတ်ရန်အတွက် အင်အားစုဆောင်းနေခြင်းဟုလည်း ပြောကြားနိုင်ပါသည်။ လေ့လာမှုများအရ လွန်ခဲ့သည့် နှစ်(၅၀၀)ခန့်က တွေ့ရှိခဲ့ပြီး ယနေ့အထိ အဆိုပါအပိုင်းတွင်ငလျင်ဗဟိုပြု လှုပ်ခတ်ခြင်းမရှိသဖြင့် နှစ်(၅၀၀)စာ အင်အားစုဆောင်းထားပြီးဖြစ်သည်ဟု ပြောဆိုနိုင်သည်။ ထူးခြားမှုတစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင် ရှေးခေတ်ကာလကပင် မင်းနေပြည်တော်တည်ခဲ့သော နေရာများသည် စစ်ကိုင်းငလျင်ကြော(ပြတ်ရွေ့)ပေါ်တွင် တည်ရှိနေသည်ကို မြင်တွေ့ရပါသည်။ မင်းနေပြည်တော် စိုက်ခဲ့ရာ ဒေသများဖြစ်၍ မျက်မှောက်ကာလတွင် လူဦးရေ ထူထပ်စွာ နေထိုင်သည့် မြို့များအဖြစ် ပြောင်းလဲ လာခြင်းကလည်း ကြီးမားသော ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်လာပါက အလွန်အန္တရာယ်ကြီးမားသည့် အခြေအနေသို့ ရောက်ရှိစေပါသည်။ ငလျင်လှုပ်ခတ်ခြင်း မရှိသေးသည့်အပိုင်းအဖြစ် လက်ရှိအခြေအနေတွင် သတ်မှတ်ထားရသည့် နေပြည်တော်-မန္တလေး အပိုင်းတွင် မန္တလေးမြို့၌ လူဦးရေ (၂)သန်းခန့် နေထိုင်လျက်ရှိသည်မှာလည်း ငလျင်အန္တရာယ်အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။ ထို့အပြင် စစ်ကိုင်းငလျင်ကြော(ပြတ်ရွေ့)အနီးတွင် တည်ရှိနေသည့် ရန်ကုန်မြို့သည်လည်း လူဦးရေ (၅)သန်းကျော် နေထိုင်လျက်ရှိပြီး အထပ်မြင့်တိုက်များ အိမ်အို၊ အိမ်ဟောင်းများနှင့် စံချိန်စံနှုန်း ပြည့်မီစွာ ဆောက်လုပ်ထားခြင်းမရှိသည့် အဆောက်အဦများက အလွန်ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားစေ နိုင်ပါသည်။ ရန်ကုန်မြို့သည် ပင်လယ်နှင့် ထိစပ်နေသည့်အပြင် အောက်ခံမြေသား ခိုင်ခံ့မှုမှာလည်း နည်းပါးသည့်အတွက် ငလျင်လှုပ်ခတ်ပြီးသည့်နောက် ရေအောက်သို့နိမ့်ကျသွားနိုင်သည့် အနေအထားသို့ မဖြစ်နိုင်ဟုလည်း ပြော၍မရကောင်းပေ။ အောက်တွင် ဖော်ပြထားသော ပုံအရ (၁၈၃၉) ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်းဝငလျင် {(၈)ရစ်တာစကေး၊ မြေအောက်(၃၀)ကီလိုမီတာအနက်၊ ပြင်းအားသက်ရောက်မှု(၂၇၀)ကီလိုမီတာ}ကြောင့် မန္တလေးမြို့ရှိ အုတ်ဖြင့် တည်ဆောက်ထားသည့် အဆောက်အဦ မှန်သမျှ ပြိုကျ၊ ပျက်စီးခဲ့ရပြီး တောင်ငူမြို့နှင့် ပြည်မြို့တို့ တွင် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့ရကာ ရန်ကုန်မြို့-မော်လမြိုင်မြို့တို့တွင် အိပ်ရာပေါ်မှ ပြုတ်ကျရလောက်သည့် အခြေ အနေထိဖြစ်ခဲ့ပြီး မိုင်များစွာ ဝေးကွာသည့် ဘန်ကောက်မြို့တွင် အိပ်ပျော်နေရာမှလန့်နိုးသည်အထိ ဖြစ်ခဲ့ပါသည်။ စစ်ကိုင်းပြတ်ရွှေ့ကြောတွင် (၁၈၃၉)ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် အင်းဝငလျင်ကဲ့သို့ (၈)ရစ်တာစကေး အင်အား ပမာဏရှိ ငလျင်လှုပ်ခတ်ရန်အတွက် နှစ်(၃၀၀)ခန့် အင်အားစုဆောင်းရမည်ဟု ခန့်မှန်းထားပါသည်။ အဆိုပါ အင်အားစုဆည်းမှုသည် ငလျင်လှုပ်ခတ်ခြင်း မရှိသေးသည့်ဇုံ ဖြစ်နေသည့် အပိုင်းတွင် ဖြစ်ပွားရန်အတွက် အင်အား စုဆောင်းနေခြင်း လားဟူ၍ ငလျင်ပညာရှင်များက စိုးရိမ်ပူပန်လျက်ရှိသည်။ အဆိုပါနေရာသည် ပညာရှင်များအတွက် ပိုမို စိတ်ဝင်စားစွာ လေ့လာရန် အပိုင်းတစ်ခုအဖြစ် လက်ရှိအချိန်တွင် တည်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ငလျင်များအကြောင်း ဆွေးနွေးပြီးနောက် ငလျင်ကြောင့် လူများ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ဖြစ်ပေါ်စေသည့် အကြောင်းအရာများနှင့် ငလျင်ဒဏ်ခံ အဆောက်အဦ ဒီဇိုင်း၊ ငလျင်လှုပ်ခတ်စဉ် ဆောင်ရွက်သင့်သည့် အချက်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ ငလျင်ကြောင့် လူများ ဒဏ်ရာရ၊ သေဆုံးရခြင်းတွင် အဆောက်အဦများ ပြိုကျ၊ ပျက်စီးခြင်းများကြောင့် သာမက အခန်းတွင်းရှိ ပစ္စည်းများပြုတ်ကျ၊ လဲပြိုခြင်းများကြောင့်လည်း ပါဝင်ပေသည်။ အခန်းတွင်းဆိုရာ၌ အထပ်မြင့်၊ အထပ်နိမ့် (၂)ခုလုံး ပါဝင်ပါသည်။ ဂျပန်နိုင်ငံတွင် လေ့လာစမ်းသပ်မှုများအရ ရိုးရာပုံစံ အုတ်ဖြင့် ဆောက်လုပ်ထားသည့် အုတ်အိမ်နှင့် အဆိုပါ တည်ဆောက်မှုပုံစံကို နည်းပညာရပ်များနှင့် ပေါင်းစပ်၍ ဆောက်လုပ်ထားသည့် အုတ်အိမ်တို့အား အင်အားတူ ငလျင်လှုပ်ခတ်မှုပုံစံတစ်ခုပြုလုပ်ပြီး (Simulation) သဏ္ဍာန်တူ ဖန်တီးစမ်းသပ်ရာတွင် ရိုးရာပုံစံဖြင့် ဆောက်လုပ်ထားသည့် အိမ်မှာ ပြိုကျပျက်စီးခဲ့ပြီး နည်းပညာပေါင်းစပ်မှုဖြင့် ဆောက်လုပ်ထားသည့် အိမ်မှာ အကောင်းပကတိ ကျန်ရစ်ခဲ့သည်ကို တွေ့ရှိရနိုင်သည်။ အဆိုပါအိမ်(၂)လုံး၏ ဆောက်လုပ်မှု ကွာခြားချက်မှာ အကောင်းပကတိကျန်ရစ်ခဲ့သော အိမ်ပုံစံတွင် မြန်မာနိုင်ငံလို နိုင်ငံမျိုးတို့တွင်လည်း ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ၀ယ်ယူရရှိနိုင်သော သံဇကာကွက်များအား နံရံများတွင် ထည့်သွင်း တည်ဆောက်ခြင်း ဖြစ်ပါသည်။ ငလျင်ကြောတည်ရှိရာ ဒေသများတွင် ဆောက်လုပ်ထားသည့် အဆောက်အဦများကို ငလျင်ဒဏ်ခံနိုင်ရေးအတွက် ခေတ်မီဒီဇိုင်းပုံစံဖြင့် တည်ဆောက်ထားရန် လိုအပ်သလို၊ အဆင့်မြင့် ဒီဇိုင်းဖြင့် တည်ဆောက်ထားသဖြင့် ငလျင်ဒဏ်ခံစားရပါက အန္တရာယ်ကင်းပြီဟု တရားသေ မှတ်ယူ၍လည်း မရနိုင်ပေ။ အဆောက်အဦသည် ငလျင်ခံနိုင်ရည် ရှိသဖြင့် ပြိုကျမှုမရှိနိုင်သည့် အခြေအနေမျိုး ရောက်ရှိနေသော်လည်း အခန်းတွင်း ပရိဘောဂ ပစ္စည်းများ၏ အန္တရာယ်ကလည်း လူ့အသက်ဆုံးရှုံးနိုင်သည်အထိများစွာကြီးမားပေသည်။ အခန်းတွင်း ပရိဘောဂပစ္စည်းများ၊ မျက်နှာကျက်တွင် တပ်ဆင်ထားသော ပစ္စည်းများသည် ငလျင်လှုပ်ခတ်စဉ် ရွေ့လျား၊ ပြုတ်ကျ၍ လူကိုအန္တရာယ်ဖြစ်စေနိုင်သဖြင့် အဆိုပါ ပစ္စည်းများကို ရွေ့လျားမှု မရှိစေရန် ခိုင်ခံ့စွာ နံရံနှင့်တွဲထားရန်လည်း လိုအပ်ပေသည်။ အထက်ပါ(၂)ချက်အား ဆောင်ရွက်ထားပြီး နောက် တတိယအချက်အနေဖြင့် ငလျင်လှုပ်ခတ်ချိန်တွင် အသက်အန္တရာယ်ကင်းရှင်းရေးအတွက် နေထိုင်ပြုမူရမည့် အသိပညာများကို နားလည်ထားရမည်ဖြစ်သည်။ ငလျင်လှုပ်ခတ်ချိန်၌ နေထိုင်ဆောင်ရွက်ရမည့် အသိပညာပေးလုပ်ငန်းများတွင် မိမိအသက် အန္တရာယ်ဘေးကင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ အရေးပါလှသည်။ အခန်းတွင်းပစ္စည်းများနှင့် အဆောက်အဦမှ အပျက်အစီးအပိုင်းအစများ မိမိဦးခေါင်း၊ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျဆင်းမှုမှ ကာကွယ်ထားရန် လိုအပ်ပေသည်။ ငလျင်လှုပ်ခတ်စဉ် လိုက်နာဆောင်ရွက်သင့်သည့် အချက်များတွင်လည်း အခန်းတစ်ခုအတွင်း ရောက်ရှိနေပါက အသက်ကယ်တြိဂံတွင် ခိုလှုံသင့်သည်ဆိုသည့် အယူအဆနှင့် ခိုင်မာသည့် အကာအကွယ် (ဥပမာ၊ တောင့်တင်းခိုင်မာသည့် စားပွဲ) အောက်တွင် ခိုလှုံသင့်သည်ဟူ၍ အယူအဆ(၂)မျိုးကွဲပြားနေသည်ကို တွေ့ရှိရနိုင်သည်။ ဂျပန်နိုင်ငံလို နေရာမျိုးတွင် အဆောက်အဦ ဒီဇိုင်းပုံစံများသည် ရော်ဘာဒလိမ့်တုံးများ၊ ရော်ဘာရှော့ဘားများ တပ်ဆင်၍ ငလျင်သက်ရောက်မှုအင်အားကို လျော့ချထားသည့် နည်းစနစ်ဖြစ်သဖြင့် ငလျင်လှုပ်ခတ်နေစဉ် အဆောက်အဦများသည် ပိုမိုယိမ်းထိုးနေပြီး အခန်းတွင်းပစ္စည်းများကို ရွှေ့လျားစေရန် ပိုမိုလွယ်ကူစေသည့်အပြင် ငလျင်တုန်ခါမှုကိုလည်း လူများအနေဖြင့် ပိုမိုခံစားသိရှိနိုင်သည့် အနေအထားမျိုးဖြစ်သည်။ ငလျင်ဒဏ်ကို လျော့ချနိုင်သည့် ရော်ဘာဒလိမ့်များ တပ်ဆင်ထားခြင်းမရှိသည့် အဆောက်အဦ ဒီဇိုင်းများတွင် အခန်းတွင်းပစ္စည်းများ၏ ရွှေ့လျားမှု လျော့နည်းသွားသော်လည်း နံရံ၊ မျက်နှာကျက် ပြိုကျနိုင်သည့် အန္တရာယ်များရှိနေပေသည်။ အဆိုပါဖြစ်စဉ်များကို လေ့လာပါက ခိုင်မာတောင့်တင်းသည့် (ဥပမာ၊ ကွန်ကရစ်တိုင်များ) အကာအကွယ်ရရှိနိုင်သည့် အရာဝတ္ထုများ နံဘေးရှိ အသက်ကယ်တြိဂံသည် အရေးကြီးသလို၊ ခိုင်မာသည့် စားပွဲကဲ့သို့ မိမိခန္ဓာကိုယ်ကို ကာကွယ်နိုင်သည့် အကာအကွယ်သည်လည်း အရေးကြီးပါသည်။ ဖြစ်နိုင်ပါက အသက်ကယ်တြိဂံလို နေရာများတွင် ခိုင်မာသည့် စားပွဲကဲ့သို့ ခိုလှုံရာနေရာများ ကြိုတင်ပြင်ဆင်ထားနိုင် ပါက ပို၍ကောင်းမွန်သည့် အခြေအနေကို ဖန်တီးထားခြင်းဟု ယူဆနိုင်ပါသည်။ သဘာဝဘေးအန္တရာယ်များကို တုန့်ပြန်ရင်ဆိုင်ရာတွင် မည့်သည့်အရာကိုမဆို တရားသေမှတ်ယူရန်မသင့်ဘဲ လက်ရှိအခြေအနေအပေါ် မူတည်ပြီး မိမိအသိဥာဏ်ဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်မှာလည်း အလွန်အရေးပါလှပေသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းမှကာကွယ်နိုင်ရန်အတွက် မိမိခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ထားနိုင်ရန်လိုအပ်ပြီး ဤကဲ့သို့ အခြေအနေမျိုး မရရှိနိုင်ပါက မိမိခန္ဓာကိုယ်ထက် ဦးခေါင်းကို ထိခိုက်မှု မရှိစေရန် ကာကွယ်နိုင်ရေးမှာ လွန်စွာအရေးကြီးလှပါသည်။ ငလျင်လှုပ်ခတ်ပါက အရေးကြီးဆုံးပြုလုပ်ရမည့် အချက်မှာ ထိုင်ချခြင်း(ခန္ဓာကိုယ်ကို လဲပြိုမှုမဖြစ်စေရန်ရည်ရွယ်သည်)၊ အကာအကွယ်ယူခြင်း၊ အကာအကွယ်၏ အခိုင်အမာဆုံးထောင့်ကို မြဲမြဲဆုတ်ကိုင်ထားခြင်း(Drop၊ Cover၊၊ Hold On) ဖြစ်ပါသည်။ မတ်တပ်ရပ်နေစဉ် ငလျင်လှုပ်ပါက မြေပြင် (သို့ ) ကြမ်းပြင်သို့ လဲကျသွားနိုင်သည့် အန္တရာယ်ကြောင့် ထိုင်၍၀ပ်ချလိုက်ခြင်းသည် လဲကျမည့်အန္တရာယ်မှ ကာကွယ်ခြင်းဖြစ်သည်။ ထို့နောက် အကာအကွယ်ရှိသည့် နေရာသို့ ရွေ့ပြောင်းရမည်ဖြစ်ပြီး မိမိဦးခေါင်းပေါ် လက်ကိုတင်၍ ကာကွယ်ထားရန် လိုအပ်ပါသည်။ အကာအကွယ်အောက် ရောက်ရှိပါက အခိုင်အမာဆုံးဖြစ်နိုင်သည့် ထောင့်အား မြဲမြံစွာဆုတ်ကိုင်ထားခြင်းဖြင့် အကာအကွယ် ရွှေ့လျားသွားခြင်းမျိုး (သို့မဟုတ်) အကာအကွယ်အောက်မှ မိမိခန္ဓာကိုယ် ရွှေ့လျားသွားမှုကို ကာကွယ်နိုင်မည် ဖြစ်သည်။ မီးဖိုအသုံးပြုနေစဉ်ဖြစ်ပါက ဂတ်စ်လိုင်းပိတ်ခြင်း၊ လျှပ်စစ်မီးဖိုဖြစ်ပါက မိန်းချခြင်း၊ မီးသွေးမီးဖိုဖြစ်ပါက မီးငြိမ်းသက်ခြင်း(သို့မဟုတ်) မီးဖိုအဖုံးကို ပိတ်ထားခဲ့ခြင်းများ ဆောင်ရွက်သင့်ပါသည်။ အခြေအနေပေးပါက တံခါးများ ဖွင့်ထားရန်လိုအပ်ပါသည်။ သို့မှသာ အဆောက်အဦ ပျက်စီး ပြိုကျပါက ထွက်ပေါက်ရစေမည် ဖြစ်သည်။ ပင်လယ်ကမ်းစပ်များတွင် အနားယူနေချိန်ဖြစ်ပါက ဆူနာမီအန္တရာယ်ကျရောက်လာနိုင်သဖြင့် ဆူနာမီလွတ်ကင်းရာ လုံခြုံမှုရှိစေမည့် ကုန်မြင့်ဒေသသို့ အလျင်အမြန် ရွှေ့ပြောင်းပြီး ဆူနာမီ အန္တရာယ်မရှိဟု သတင်းရရှိမှသာ မိမိမူလနေထိုင်ရာသို့ ပြန်လည်ဝင်ရောက်သင့်ပါသည်။ ငလျင်အန္တရာယ်အား မုန်တိုင်းအန္တရာယ်များကဲ့သို့ တိတိကျကျ တိုင်းတာခန့်မှန်းနိုင်ခြင်းမရှိသဖြင့် ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ပါက အရေးပေါ်တုန့်ပြန်ဆောင်ရွက်နိုင်ရေးနှင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးသက်သာစေရေး အတွက် အောက်ပါအချက်များကို ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်သည်- ငလျင်ဆိုင်ရာအသိပညာပေးခြင်း။ မိမိနိုင်ငံ၊ ဒေသတွင် ကြုံတွေ့ရနိုင်သည့် ငလျင်များအကြောင်း၊ ငလျင်၏ သဘောသဘာဝ၊ ငလျင်ကြောင့်ဆုံးရှုံးနိုင်ခြေ၊ ငလျင်လှုပ်ခတ်ချိန်တွင် ပြုမှုနေထိုင်သင့်သည့် ဗဟုသုတများ စသည်တို့ကို သိရှိနားလည်စေရန်အတွက်ဖြစ်သည်။ ဖြစ်နိုင်ပါက ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်သည်အထိ ပြုလုပ်ထားရန် လိုအပ်ပေသည်။ သိပ္ပံနည်းကျလေ့လာခြင်း။ ဂြိုလ်တုပုံရိပ်များအသုံးပြုခြင်း၊ GPS နည်းပညာကို အသုံးပြုပြီး သက်ရှင်ပြတ်ရွေ့မြေလွှာထု၏ ရွေ့လျားနေမှု၊ ငလျင်ကြောနေရာများတွင် သုတေသနပြုပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အခြေအနေများကို လေ့လာပြီး တကျော့ပြန် ငလျင်အန္တရာယ် ကျရောက်နိုင်မှု အခြေအနေကို ခန့်မှန်းတွက်ချက်ကာ ကြိုတင်သတိပေးခြင်း များဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်။ အဆောက်အဦဒီဇိုင်း သတ်မှတ်ဆောင်ရွက်ခြင်း။ ငလျင်ပြတ်ရွေ့ကြောများပေါ်တွင် တည်ဆောက်ထားသော မြို့များတွင် ငလျင်အန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေးအတွက် အဆောက်အဦဒီဇိုင်းများ သတ်မှတ်ဆောင်ရွက်ခြင်း၊ အရည်အသွေးပြည့်မီသော အဆောက်အဦများ တည်ဆောက်နိုင်ရေးအတွက် သတ်မှတ်ချက်များ ပြဌာန်းခြင်း၊ ပြည်သူများကိုယ်တိုင်ပူးပေါင်းပါဝင်လာစေရန် လှုံ့ဆော်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားမှု။ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေတွင် ရှာဖွေကယ်ဆယ်ရေး၊ အပျက်အစီးများရှင်းလင်းရေး၊ ဆက်သွယ်ရေး၊ ဆေးဝါးကုသရေး၊ စသည့်အချက်များအပြင် မီးဘေးအန္တရာယ်အတွက်ပါ ဖြေရှင်းဆောင်ရွက်နိုင် ရန်အတွက် ကြိုတင်စီမံချက်ရေးဆွဲထားခြင်း ဖြစ်သည်။ ငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားမှုများတွင် ဆန်ဖရန်စစ္စကိုမြို့နှင့် LA မြို့များသည် နမူနာယူရမည့် မြို့များပင်ဖြစ်သည်။ ဆန်ဖရန်စစ္စကိုမြို့သည် (၁၉၀၆)ခုနှစ်က ငလျင်လှုပ်ခတ်ခဲ့ပြီးသည့် နောက်ပိုင်း ငလျင်လှုပ်ခတ်မှု မရှိသည်မှာ နှစ်(၁၀၀)ကျော် ကြာမြင့်ပြီဖြစ်သဖြင့် တကျော့ပြန်ငလျင်ကို ပြန်လည်ခံစားရနိုင်သည်ဟု ခန့်မှန်းထားပါသည်။ သို့အတွက် တကျော့ပြန်ငလျင် ဖြစ်ပွားလာပါက မြို့၏ အဓိကပြယုဂ်ဖြစ်သည့် ဆန်ဖရန်စ္စကိုတံတားကို ပြန်လည်တည်ဆောက်နိုင်ရန် (အစိုးရဘက်ဂျက် ရှိသည်ဖြစ်စေ/ မရှိသည် ဖြစ်စေ) အတွက် အဆိုပါတံတားကို ပြည်သူများကဖြတ်သန်းတိုင်း အမေရိကန် (၁)ဒေါ်လာကို ကောက်ခံပြီး စဆောင်းငွေအဖြစ် ဆောင်ရွက်ထားရှိပါသည်။ LAမြို့တွင်လည်း တကျော့ပြန် ငလျင်ကို တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် ငလျင်နှင့်ပက်သတ်သည့် အချက်အလက်များကို မြေပုံများ ရေးဆွဲ၍ လူထုအားလုံးသိရှိစေရန်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ထားရှိပါသည်။ အထက်ပါအချက်များအရ မြန်မာနိုင်ငံတွင် ကြီးမားသော ငလျင်ဖြစ်ပေါ်လာပါက ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေးအတွက် ပညာရှင်များ၏ သုတေသနပြု ဆောင်ရွက်မှုများက အလွန်အရေးပါသလို တွေ့ရှိချက်များအပေါ်တွင် အစိုးရပိုင်း၊ ပြည်သူပိုင်းက ပူပေါင်းဆောင်ရွက်ရန်လိုအပ်ပေသည်။ ဥပမာအားဖြင့် ငလျင်ကြောပေါ်တွင် တည်ဆောက်ထားသည့် မြို့များရှိ အဆောက်အဦဟောင်းများအား ခိုင်မာအောင်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်မည် အဆောက်အဦများအား ငလျင်ဒဏ်ခံနိုင်သည့် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်စေခြင်းကို အစိုးရပိုင်းက ကြီးကြပ်၍ ပြည်သူများကလည်း ကြည်ဖြူစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ ငလျင်ဖြစ်ပွားခဲ့သည့် နေရာ ဗဟိုချက်စသည့် မြေပုံများကို ပြည်သူများကြား ရောက်ရှိစေရေး ဆောင်ရွက်ပေးရန်လည်း အထူးလိုအပ်ပါသည်။ ငလျင်အန္တရာယ် ဖြစပေါ်လာပါက အရေးပေါ် တုန့်ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်စီမံချက် ရေးဆွဲထားရန်လိုအပ်ပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ထားရန် လိုအပ်ပါသည်။ ထို့အပြင် ငလျင်ဆိုင်ရာ အသိပညာများ လူထုအတွင်း ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေရေးကို ဆောင်ရွက်ခြင်းဖြင့် ငလျင်များအကြားတွင် ရှင်သန်နေထိုင်နိုင်သည့် မြန်မာပြည် ဖြစ်ပေါ်လာစေကြောင်း ဆန္ဒပြုလိုက်ပါသည်။ (Mr. Wang Yu, Earth Observatory of Singapore, Nanyang Technological University ဆွေးနွေးဟောပြောမှု(၁-၉-၂၀၁၆၊ DMTC) ကို အခြေခံပြီး ရေးသား မျှဝေခြင်း ဖြစ်ပါသည်၊ Mr. Wang Yu နှင့် ပညာရပ်ပိုင်းဆိုင်ရာများ စိစစ် ဖြည့်စွက်ပေးသော သူငယ်ချင်းအား အထူးကျေးဇူးတင်ရှိပါသည်။) မြန်မာနိုင်ငံ ငလျင်ကော်မတီ https://www.facebook.com/MyanmarEarthquakeCommittee/ ဖေစ်ဘွတ်ခ်မှ ပြန်လည်ကူးယူဖော်ပြသည်။
4 years Ago
Up