ငပုတောမြို့နယ်

August 5, 2020

ငပုတောမြို့နယ်တွင် တောဆင်ရိုင်းအုပ်များဝင်ရောက် သောင်းကျန်းနေ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု အတွင်းရှိဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်မြေတွေကို တောဆင်ရိုင်းအုပ်တွေဝင်ရောက်လာလို့ ကွန်ဂျီဆင်တွေနဲ့ တောတွင်းသို့ ပြန်လည်မောင်းထုတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောဆင်ရိုင်းအုပ်တွေက သြဂုတ်လ ၂ ရက်နေ့မှ စတင်ကာ ၈ ကောင်အုပ်၊ ၄ ကောင်အုပ် စသဖြင့် နေ့စဉ်ဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူ တွေနဲ့ EERU- အရေးပေါ်ကွန်ဂျီဆင်များအဖွဲ့က ကွန်ဂျီဆင် ၃ ကောင်နဲ့ လိုက်လံမောင်းထုတ်နေ ရတာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ "အခုချိန်က တောထဲမှာ ဆင်တွေကြိုက်တဲ့ မျှစ်တွေပေါက်နေချိန် အစာရေစာပါများတဲ့ အချိန်ဆိုတော့ ရွာနားကို ကပ်လာတာထူးဆန်းနေတယ်။ တောထဲမှာပျော်တဲ့ အချိန်ရောက်လာတာ ဆိုတော့ အန္တရာယ်တစ်ခုခုပေါ့ တောထဲ ဆင်သတ်မုဆိုးတွေရောက်နေရင်လည်း လူနေအိမ်တွေနား လယ်ကွင်းတွေကို ကပ်လာတတ်တယ်"လို့ ဆင်မောင်းရာမှာ ပါဝင်နေတဲ့ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောပါတယ်။ လူနေအိမ်ခြေနား လယ်ကွင်းတွေနားကို ကပ်လာတဲ့ တောဆင်ရိုင်းအုပ်ထဲမှာ ရှားပါးတဲ့ စွယ်စုံဆင်ကြီးတစ်ကောင် ပါဝင်နေပြီး စွယ်စုံဆင်တွေကို ဆင်သတ်မုဆိုးတွေက ပစ်မှတ်ထား ပစ်ခတ်လေ့ရှိတဲ့အတွက် တောထဲမှာ ဆင်သတ်မုဆိုးတွေ ရှိမရှိစစ်ဆေးပြီး နယ်မြေရှင်းလင်းမယ်လို့ ဆိုပါတယ်။ ငပုတောမြို့နယ်ရှိ သစ်တောကြိုးဝိုင်းတွေအတွင်း တောဆင်ရိုင်းအုပ်တွေ လှည့်လည် ကျက်စားနေပြီး ၂၀၂၀ ပြည့်နှစ်မှာ ဆင်သတ်မုဆိုးတွေ ပစ်ခတ်သတ်ဖြတ်မှုကြောင့် တောဆင်ရိုင်း တစ်ကောင်သေဆုံးခဲ့ပြီး အဆိပ်ရှိသတ္တဝါ အကိုက်ခံရလို့ တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့တာရှိတယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
8 months Ago

January 25, 2020

ငပုတောမြို့နယ်တွင် တောဆင်ရိုင်း ၁ ကောင် အသတ်ခံရ 

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်  ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် (၄၁/၄) အနီးက ဆင်မသစ်တောကြိုးဝိုင်းအတွင်းမှာ တောဆင်ရိုင်းအမ ၁ ကောင် အရေခွံခွာလျက်သေဆုံး နေတယ်လို့ အမှတ် ၂ ဆင်အခြေစိုက်စခန်းရဲတပ်ဖွဲ့က သိရပါတယ်။ အဲဒီဆင်ကို အမှတ် ၂ ဆင်အခြေစိုက်စခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ ငပုတောမြို့နယ်သစ်တောဦး စီးဌာနက တာဝန်ရှိသူတွေနဲ့ ငရုတ်ကောင်းတောင်အုပ်ချုပ်ရေးမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေစဉ် တွေ့ရှိခဲ့တာပါ။ “ဒေသခံတွေက သတင်းပို့တာ၊ ဆင်တွေ ပြေးလွှာနေသံကြားနေရတယ်ဆိုပြီးတော့ ၂၃ ရက်ညပိုင်းက ကျနော်တို့ဆီ ဆက်သွယ်လာတာ။ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး သတင်းကြားတဲ့ နေရာသစ်တောတဝိုက်ကို နယ်မြေရှင်းလင်းရေးလုပ်ပြီး ရှာတာပေါ့၊ တွေ့တဲ့အချိန်မှာ ဆင်က အရေခွံတွေခွာထားပြီးပြီ။ ဆင်သတ်တဲ့သူ ၂ ယောက်ကတော့ လွတ်သွားတာပေါ့၊ ခုတော့ ဖမ်းမိ အောင် ပိတ်ဆို့တာတွေ လုပ်ပြီး ရှာဖွေရေး လုပ်နေပါတယ်” လို့ ပူးပေါင်းပါဝင်ခဲ့သူ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောပါတယ်။ ပူးပေါင်းအဖွဲ့တွေ ဆင်အသတ်ခံရတဲ့နေရာကို ရောက်ရှိချိန်မှာတော့ သတ်ထားတဲ့ ဆင်အပြင် ခွာထားတဲ့ အရေခွံတွေ၊ ဖြတ်ထားတဲ့ နှာမောင်းနဲ့အမှီးတွေကို တွေ့ရပြီး ဆင်သတ်မုဆိုး ၂ ယောက်ကတော့  ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ လက်တလောမှာတော့ ထွက်ပြေးနေတဲ့ ဆင်မုဆိုးတွေကို ဖမ်းမိဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံနယ်မြေကျွမ်းကျင်သူတွေ ပူးပေါင်းပြီး ဆင်မသစ်တောကြိုးဝိုင်းနဲ့ မဲဇလီသစ်တော ကြိုးဝိုင်းထဲက ဝင်၊ ထွက်ပေါက်တွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသတ်ခံခဲ့ရတဲ့ တောဆင်ရိုင်းအမဟာ အသက် ၂၈ နှစ်အရွယ်ခန့်ရှိပြီး အရပ် ၇ ပေ ၆ လက်မခန့်ရှိပါတယ်။ ဧရာဝတီတိုင်းမှာ ၂၀၁၉ခုနှစ်အတွင်း တောဆင်ရိုင်း ၄ ယောက်အသတ်ခံခဲ့ရပြီး တောဆင်ရိုင်း ၂ ကောင်မှာ ကျန်းမာရေးမကောင်းတာကြောင့် သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up