ငပလီကမ်းခြေ

May 4, 2019

ငပလီကမ်းခြေ ကျူးကျော် ဟိုတယ်များ အရေးယူပေးရေးအဆို အတည်ပြု

ရခိုင်ပြည်နယ် ငပလီမြို့ ပင်လယ်ကမ်းခြေက သဲသောင်ပြင်တွေကို ကျူးကျော်တည်ဆောက်ထားတဲ့ ဟိုတယ်တွေကို အရေးယူပေးဖို့ ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။ ငပလီကမ်းခြေက ပြည်သူပိုင် သဲသောင်ပြင်တွေကို ကျူးကျော်ဆောက်လုပ်ထားတဲ့ ဟိုတယ် ၉ လုံးထဲက Aureum Palace ဟိုတယ် တခုတည်းကိုသာ တရားစွဲဆိုခဲ့တာကြောင့် ကျန်ရှိနေတဲ့ ဟိုတယ် ၈ လုံးကိုပါ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပေးဖို့ ပြည် နယ်အစိုးရကို တိုက်တွန်းကြောင်း သဲတွဲမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက တင်သွင်းထားတာဖြစ်ပါတယ်။ ဦးနိုင်ကြွေအေးက “Aureum Palace ဟိုတယ်ကို ကျနော်တို့ တိုက်တွန်းခဲ့တာ မဟုတ်ပါဘူး။ အစိုးရက တကယ်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ကျနော့်အနေနဲ့ ဒီဟိုတယ်တခုတည်းကို စွဲခိုင်းပြီး ကျန်တဲ့ ဟိုတယ်တွေကို ဥပဒေအရ ပတ်ဝန်းကျင်မှာလည်း ဒီဟိုတယ်ကိုကျစွဲတယ်။ ကျန်တဲ့ ဟိုတယ်တွေကျဘာလို့ မစွဲတာလဲ။ ဥပဒေက ဒီလိုလား။ ဒီအစိုးရက ကျောသား၊ ရင်သားခွဲခြား နေလား။ ဘယ်လိုကြောင့် ဒါတွေကို မစွဲတာလဲဆိုတဲ့ ထိုးနှက်ချက်က ကျနော်တို့အပေါ်ကို နေ့စဉ်နဲ့အမျှ ကျရောက်နေပါတယ်။ ဒါကြောင့်မို့ ကျနော်အနေနဲ့ လိုက်လျောညီတဲ့ တရားစွဲဆိုမှုအကြောင်း သိရှိဖို့ တင်ပြရခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ငပလီကမ်းခြေမှာရှိတဲ့ သောင်ပြင်တွေမှာ ဟိုတယ်တချို့က သူတို့ပိုင်ဆိုင်သလိုမျိုး ရေကူးကန်တွေ၊ စားသောက်ဆိုင်တွေ၊ လှိုင်းကာတွေ စသဖြင့် ကျူးကျော်ဆောက်လုပ်နေတာဟာ သောင်ပြင်တွေ ပျက်စီးစေတာကြောင့် ကမ္ဘာ့လှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုလျော့ကျ လာနိုင်ပြီး ကမ်းခြေဟာလည်း တိမ်ကောပျောက်ကွယ်သွားနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခဲ့ပြီး ထောက်ခံဆွေးနွေးခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကလည်း အခုလို ပြောပါတယ်။ “၉ လုံးစလုံး ကျူးကျော်ထားရင် ၉ လုံးစလုံးကို ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ ကျနော်ကတော့ ငပလီဟာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ဖြစ်တဲ့အတွက်ကြောင့် ငပလီကမ်းခြေသာယာလှပရေးကို ဦးစားပေးပြီးတော့ ပြည်သူတွေရဲ့ Public ဧရိယာကို ပြည်သူတွေရဲ့ကိုယ်စား အစိုးရအနေနဲ့ ဥပဒေနဲ့အညီ အလျှင်အမြန် ဆောင်ရွက်ပေးဖို့ လေးလေးနက်နက်နဲ့ ထောက်ခံကြေညာအပ်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးအနက် ၄၀ ဦးတက်ရောက်လာရာ အဲဒီအဆိုကို ၄ ဦးက ထောက်ခံဆွေးနွေးခဲ့ကာ သံတွဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကန့်ကွက်မှုရှိတာကြောင့် လွှတ်တော်ရဲ့ ဆန္ဒကိုရယူရာ ထောက်ခံမဲ ၃၅ မဲ၊ ကြားနေမဲ ၃ နဲ့ ကန့်ကွက် မဲ ၁ မဲ ရှိခဲ့ရာ ထောက်ခံမှုက ပိုများနေတာကြောင့် အတည်ပြုဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျူးကျော်ဆောာက်လုပ်ထားတဲ့ဟိုတယ်တွေထဲမှာ Aureum Palace ဟိုတယ်အပါအဝင် Jasmine Hotel ၊ Amazing Hotel ၊ Ngapali Paradise Hotel ၊ Hilton Hotel ၊ PVI Hotel ၊ BT Bay Hotel ၊ Memento Hotel ၊ Jate Marina Hotel တို့ဖြစ်လို့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက တင်ပြခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ နိုင်ကြွေအေး
2 years Ago

March 10, 2017

ငပလီကမ်းခြေတွင် အများပိုင်မြေနေရာ ငှားရမ်းရောင်းစားမှုအပေါ် အရေးယူပေးရန် တိုင်ကြား

  ရခိုင်ပြည်နယ်၊ငပလီမြို့၊ ငပလီကမ်းခြေမှာရှိတဲ့အများပိုင် မြေဧရိယာကို ငှားရမ်းရောင်း စားထားတဲ့အပေါ် အရေးယူပေးဖို့ ခရိုင်နဲ့ ပြည်နယ်အစိုးရကို လက်မှတ်ထိုးကောက်ခံပြီး ဒီကနေ့ တိုင်းကြားလိုက်ပါတယ်။ ဆိုင်ခန်းပြုလုပ်ပြီး ကိုယ်အကျိုးအတွက် လူတစုကလုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ ပြည်နယ်အစိုးရ၊ ခရိုင်နဲ့ မြို့နယ် ထွေအုပ်တို့ကို လက်မှတ်ကောက်ခံပြီး တိုင်ကြားလိုက်ပြီလို့ သံတွဲတောင်သူ လယ်သမားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုညီလေးက ဒီဗွီဘီကိုပြောပါတယ်။ “အများပြည်သူပိုင်တဲ့ နေရာကိုဆိုင်ခန်းတွေလုပ်တယ်။ ကိုယ်ကျိုးအတွက် ငှားရမ်းရောင်းစား တယ်။ ဒီအပေါ်မှာ ကျနော်တို့ ဒေသခံတွေမကျေနပ်လို့ လက်မှာကောက်ခံတာပါ။ ကျနော်တို့ ဒီကနေ့ပဲ လက်မှတ် ကောက်ခံ ရရှိတာတွေ ပြည်နယ်အစိုးရ ဦးညီပုကိုပို့ လိုက်ပါပြီ၊ ပြီးတော့ ခရိုင်ထွေအုပ်ကို တိုင်ကြားထားပါတယ်။ လက်မှတ်ပေါင်းတော့ ၉၀ ကျော်ရရှိပါတယ်။ အခုငှားရမ်းရောင်းထားတဲ့ အပေါ်မှာဌာန ဆိုင်ရင်တွေအတော်များများ လက်မှတ်ထိုးကောက်ခံလို့ ရရှိထားတွေကို ပို့လိုက်ပြီ။ ဒီလိုကိုယ် အကျိုးအတွက်အများပြည် သူပိုင်နေရာကို လူတစုက ငှားရမ်းရောင်းစားထားတဲ့အပေါ် အရေးယူပေးဖို့ပါပဲ။” အများပိုင်မြေနေရာကို ကျူးကျော်စော်ကားပြီး ဈေးဆိုင်ဆောက်လုပ်နေတာတွေကို ရပ်ကွက်နေသူတွေက မကျေမနပ်ဖြစ်နေကြတယ်လို့ ငပလီမြို့ ဇီးဖြူကုန်းကျေးရွာနေသူ ဦးစောနိုင်က ဒီဗွီဘီကိုပြောပါတယ်။ “အများက ပိုင်တဲ့မြေကြီးကို ကျူးကျော်စော်ကားပြီးတော့ ဈေးဆိုင်တွေ ဆောက်တာတွေကို ကျနော်တို့ရပ်သူရွာသားတွေ လုံးဝမကျေနပ်ပါဘူး။ ကျနော်လက်ထဲမှာလည်း ရှိနေပါတယ်။ အများနဲ့ပတ်သက်တဲ့ တိုင်ကြားဖို့အတွက် အကုန်လုပ်ထားပြီးသားပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ရပ်ကွက်က မကျေနပ်တာတွေ သူတို့ လုပ်ထားတဲ့အတွက်ကြောင့် အများမြေဖြစ်တဲ့အတွက်ကြောင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်ကိုယ်တိုင် သူတို့ကို လုပ်ပိုင်ခွင့်တွေပေးထားလို့ လုပ်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရပ်သူရွာသားတွေကို အသိမပေးခဲ့ပါဘူး။ အခုလိုပိတ်ဆို့ပြီး ဆိုင်ခန်းတွေဆောက်ပြီး ငှားရမ်းရောင်းစားထားတဲ့အပေါ်မှာ မရှိဆင်းရဲသားတွေအနေနဲ့ လုပ်စားဖို့ အခွင့်အလမ်းမရှိတော့တဲ့ အခြေအနေဖြစ်လာတယ်။” လို့ သံတွဲတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့ ကျေးရွာထဲမှာ တကယ့်မရှိဆင်းရဲ သားတွေရှိပါတယ်။ ငါးလေးကင်ပြီးရောင်း၊ ပုဇွန်လေး ကင်းပြီးတော့ရောင်း၊ ပြီးတော့ ဧည့်သည်တွေလာတဲ့အချိန်မှာ အုန်းသီးတွေခွဲ ရောင်းချပြီးတော့ မိုးစာအတွက် နွေစာရှာတဲ့ မိသားစုတွေ၊ ဒီမိသားစုတွေ လုပ်ကိုင်းစားသောက်တဲ့နေရာကို ဒီလိုပိတ်ဆို့ပြီး လုပ်လိုက်တဲ့အတွက် ကျနော်တို့ ကျေးရွာသူ/သား မရှိဆင်းရဲသားတွေ အင်မတန်မှ အဆင်မပြေမှုတွေဖြစ်လာမယ်။ နောက်ဆုံး ငတ်မွတ်ခေါင်းပါးအထိ ဖြစ်ဖို့ မြင်ယောင်နေပါတယ်။” အများပိုင် မြေဧရိယာကို အခုလိုလုပ်လိုက်တာဟာ စည်းကမ်းထိန်းသိမ်းမှုတခုအနေနဲ့ လုပ်ဆောင်တာလို့ ငပလီမြို့ ဇီးဖြူကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်က ဒီဗွီဘီကိုပြောပါတယ်။ “ဒီနေရာမှာ ဒီအတိုင်းထားရင် အများသူငါလည်း အပေါ့အလေးတွေ အလွယ်တကူ သွားတယ်၊ ပြီးတော့လည်း စည်းကမ်း ထိန်းသိမ်းမှုလည်းမရှိ။ နောက်ပြီး ပတ်ဝန်ကျင်လူတွေကလည်း ထိုင်ကြတယ်။ လာပြီးတော့ အရက်တွေ သောက်တယ်။ ဘီယာတွေသောက်တယ်။ အဲဒါပြီးရင် ပုလင်းတွေ ဒီအတိုင်စွန့် ပစ်ခဲ့တယ်။ Public ဧရိယာမှာ အမှိုက်သရိုက်တွေ ပစ်တာကြောင့် စည်းကမ်းထိမ်းသိမ်းမှု တခုဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ အစည်းအဝေမှာ ဆုံးဖြတ်တဲ့အတွက်ကြောင့်ပါ” အခုလို အများပြည်သူပိုင်တဲ့နေရာကို ငှားရမ်းရောင်းစားထားတဲ့အပေါ် သံတွဲစည်ပင်သာယာရေးနဲ့ ဘာမှမသက်ဆိုင်သလို အခုလို ဆိုင်ခန်းတွေဆောက်ဖို့ ဘာမှ အသိပေးတာမျိုး မရှိဘူးလို့ သံတွဲမြို့စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးလှဖိုစံက ဒီဗွီဘီကိုပြောပါတယ်။ “Public မြေဧရိယာနဲ့ပတ်သက်လို့ ပြောရရင်တော့ အစိုးရအဖွဲ့ကနေပြီးတော့ မြို့နယ်ထွေအုပ်တို့ ခရိုင်ထွေအုပ်တို့ တာဝန်ပေးလိုက်တယ်လို့ ကျနော်တို့ သိရတယ်။ ကျနော်တို့ကို အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောဘူး။ ကျနော်တို့နဲ့ ဘာမှမပတ်သက်ဘူး။ ဘာမှ အသိပေးတာမရှိဘူး။ ဝင်လဲမစွက်ဖက်ဘူး။” အဲဒီကွင်းဟာ အရှည် ၁၉၀ အနံ ၁၂၅ ပေ ရှိပြီးတော့ အဲဒီမှာ ကလေးအားကစားကွင်း၊ ဘောလီဘော စတဲ့ ကစားကွင်းတခုဖြစ်ခဲ့ပြီး မကြာသေးခင်က သက်ဆိုင်ရာ တာဝန်ရှိသူ တွေက အများပြည်သူ အပန်းဖြေနေရာ အဖြစ်ကို ပြောင်းလဲလွှဲအပ်ပေးတာပါ။ အခုလို အများပိုင်နေရာကို ကိုယ်ကျိုးအတွက် ငှားရမ်းရောင်းထားတဲ့အပေါ် မြို့နယ်ထွေအုပ်ကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ သတင်း၊ ဓာတ်ပုံ-ဝဏ္ဏခွာညို
5 years Ago
Up