ငတ်မွတ်ခေါင်းပါးလာ (ရုပ်သံ)

December 10, 2017

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းဝက်ဝံများ အစာရေစာ ငတ်မွတ်ခေါင်းပါးလာ (ရုပ်သံ)

နေရှင်နယ်ဂျီယိုဂရက်ဖစ်က ရိုက်ကူးထားတဲ့ ရိုပ်သံထဲမှာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲနဲ့ နှင်းတွေမရှိတဲ့ မြေပြင်ထဲ အစာကို ခက်ခက်ခဲခဲ ရှာဖွေနေရတဲ့ ပိန်လှီပြီး သေအံ့ဆဲဆဲ ဝင်ရိုးစွန်း ဝက်ဝံတွေကို တွေ့ရပါတယ်။ ရုပ်သံထဲမှာ သနားစရာ ဝက်ဝံတွေက အရိုးပေါ်အရေတင်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို တရွတ်စွဲပြီး ပုံးတွေထဲ အစာရှာဖွေနေတာပါ။ ရုပ်သံရိုက်ကူးသူ ပေါလ်နစ်ကလန်က ဒီမြင်ကွင်းက သူ့ကို မျက်ရည်ကျစေတယ်လို့ ပြောပြီး ရုပ်သံရိုက်ကူးရေးအဖွဲ့က ကနေဒါနိုင်ငံ ဘက်ဖင်ကျွန်းပေါ်မှာ သေအံ့ဆဲဆဲ ဝက်ဝံကြီးတွေကို တွေ့ရှိရိုက်ကူးခဲ့တာပါ။ ကမ္ဘာကြီးပူနွေးလာလို့ အဲဒီဒေသတွေမှာ ရေခဲတွေ အကြီးအကျယ် လျော့နည်းလာတယ်လို့ ဆိုပါတယ်။ “သိပ္ပံပညာရှင်တွေက ဝက်ဝံတွေ မျိုးသုဉ်းတော့မယ်လို့ ပြောနေချိန်မှာ အဲဒါက ဘယ်လိုမျိုးလဲဆိုတာ ကျနော်က လူတွေကို သိစေချင်တာ၊ ဝက်ဝံတွေက ငတ်လို့ သေရတော့မယ်၊ ဒါက ငတ်မွတ်နေတဲ့ ဝင်ရိုးစွန်းဝက်ဝံတွေ ဘယ်လိုပုံစံဆိုတာကို ပြတာ” လို့ နစ်ကလန်က ပြောပါတယ်။ ဝင်ရိုးစွန်းဝက်ဝံတွေက အာတိတ်ဒေသမှာ ပေါက်ဖွားပြီး ရာသီဥတုပြောင်းလဲလာလို့ ဆုံးရှုံးနေပါတယ်။ ဝက်ဝံတွေက ဖျံတွေကို ဖမ်းဆီးစားသောက်ဖို့ အာတိတ်ရေခဲတွေကို မှီနေရပေမယ့် ရေခဲတွေ အရည်ပျော်လာလို့ ဝက်ဝံတွေအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှု တိုးမြင့်လာတယ်လို့လည်း သိရပါတယ်။ ဝံရိုးစွန်းဝက်ဝံတွေက ခန့်မှန်းခြေ ၂ သောင်း ၅ ထောင် ကျန်ရှိနေတယ်၊ ဒါပေမယ့် ရာသီဥတုပြောင်းလဲတာ မရပ်ရင် နောင်အနှစ် ၁၀၀ အတွင်း အားလုံး သေဆုံးသွားမယ်လို့ ကျွမ်းကျင်သူအများစုက ပြောပါတယ်။ “အမှန်တရားက အကယ်၍ကမ္ဘာကြီးသာ ဒီလို ဆက်ပူနွေးနေရင် ကျနော်တို့ ဝက်ဝံတွေအားလုံးနဲ့ ဝင်ရိုးစွန်း အပင်တွေနဲ့ သတ္တဝါတွေ လိုက်လျောညီစွာ တည်ရှိနေတဲ့ စနစ်ကြီးတခုလုံး (Ecosystem) ဆုံးရှုံးရလိမ့်မယ်” လို့ နစ်ကလန်က အင်စတာဂရမ်မှာ ရေးထားကြောင်း မေရာသတင်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up