ဂျွန်စော

January 26, 2018

သုံးနှစ်တာ လက်တွဲခဲ့သည့် ချစ်သူနှင့် လမ်းခွဲလိုက်သည့် ကိုရီးယားကြယ်ပွင့် ဂျွန်စော

ဂျွန်စောလို့ မြန်မာပရိသတ်တွေ သိထားကြတဲ့ ကိုရီးယားကြယ်ပွင့် သရုပ်ဆောင်မင်းသား ဆောင်းဆန်ဟွန်းဟာ ၃ နှစ်တာ လက်တွဲခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲပြတ်စဲလိုက်ပြီ ဖြစ်ပါတယ်။ သူဟာ တရုတ်-အမေရိကန်ကပြား သရုပ်ဆောင်မင်းသမီးတဦးဖြစ်တဲ့ လျူယီဖေးနဲ့ ချစ်သူတွေအဖြစ် ကာလရှည်ကြာ လက်တွဲခဲ့ပြီးနောက်မှာမှ ခုလို လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းမီဒီယာ ယွန်ဟက်ပ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ မင်းသားရဲ့ အေဂျင်စီဖြစ်တဲ့ Better ENT ကတော့ သူတို့ ၂ ယောက်စလုံးမှာ များပြားလှတဲ့ လုပ်ဆောင်စရာတွေကြောင့် မအားလပ်နိုင်အောင် ဖြစ်ခဲ့ရလို့ ဒီပတ်သက်မှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးစလုံးဟာ မိတ်ဆွေတွေအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မင်းသားဟာ ၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ တရုတ်အချစ်ရုပ်ရှင်ကား The Third Way of Love မှာ မင်းသမီး လျူယီဖေးနဲ့ စတင် တွေ့ရှိခဲ့ကြပြီးနောက် ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာတော့ သူတို့ ၂ ဦးရဲ့ ချစ်သူတွေအဖြစ် ပတ်သက်မှုကို တရားဝင် ထုတ်ဖော်ခဲ့ကြတာပါ။ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ မင်းသမီးကတော့ ပြီးခဲ့တဲ့နှစ်က ဒစ္စနေး နာမည်ကြီးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Mulan မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပါတယ်။
4 years Ago
Up