ဂျွန်ဆင်ကို

June 1, 2018

ထောင်ဒဏ်တသက်ကျ ဂျွန်ဆင်ကို လွတ်ငြိမ်းခွင့်ပေးရန် ကင်မ်ကာဒက်ရှန် တောင်းဆို

မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ကျခံနေရတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နာမည်ကြီး ရုပ်သံတင်ဆက်သူ ကင်မ်ကာဒက်ရှန်က သမ္မတထရမ့်နဲ့တွေ့ဆုံပြီး တောင်းဆိုခဲ့ပါတယ်။ အဲလစ်မာရီဂျွန်ဆင်ဆိုတဲ့ အမျိုးသမီးကြီးဟာ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းထောင်ထဲမှာ နှစ် ၂၀ ကျော် ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး သူမဟာ မြေးတွေအတွက် ကောင်းမွန်တဲ့ အဘွားတဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကင်မ်ကာဒက်ရှန်ဟာ ဒီအမှုနဲ့ပတ်သက်ပြီး သမ္မတ ထရမ့်ရဲ့ သမက် ဂျရက်ကူရှ်နာနဲ့လည်း လပေါင်းအတော်ကြာ စကားပြောခဲ့ပါသေးတယ်။ သမ္မတ ထရမ့်ကတော့ သူနဲ့ ကာဒက်ရှန်တို့ကြားမှာ ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ခဲ့တယ်လို့ တွစ်တာပေါ်မှာ ရေးသားထားကြောင်း မေလ ၃၁ ရက်နေ့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဂျွန်ဆင်ရဲ့အမှုနဲ့ပတ်သက်တဲ့ ရုပ်သံတိုလေးကို လူမှုကွန်ရက်ပေါ်မှာ ပထမဆုံး တွေ့ပြီးတဲ့နောက် ကင်မ်ကာဒက်ရှန်က ဒီအကြောင်းကို စိတ်ဝင်စားခဲ့ပြီး သူမရဲ့ သီးသန့်ရှေ့နေ ရှောင်ဟိုလီကို ဒီအမှုအတွက် အကဲခတ်စစ်ဆေးကာ ဂျွန်ဆင်အတွက် ဥပဒေအဖွဲ့အသစ် ဖွဲ့စည်းဆောင်ရွက်ပေးဖို့ ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်ပြုပြင်ရေးအတွက် တိုက်တွန်းလုပ်ဆောင်နေသူလည်းဖြစ်၊ သမ္မတထရမ့်ရဲ့ အကြီးတန်းအကြံပေးလည်းဖြစ်တဲ့ သမက်ဖြစ်သူ မစ္စတာကူရှ်နာနဲ့လည်း ကင်မ်ကာဒက်ရှန်က တွေ့ဆုံ တွန်းအားပေးခဲ့တယ်လို့ သိရပါတယ်။ မစ္စတာကူရှ်နာရဲ့ ပထမဆုံး ခြေလှမ်းကတော့ ပြီးခဲ့တဲ့အပတ်က အမေရိကန်လွှတ်တော်ထဲမှာ အကျဉ်းသားတွေ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ သုံးစွဲဖို့ သတ်မှတ်ခွင့်ပြုခဲ့တာပါ။ ဂျွန်ဆင်ရဲ့သမီးတွေ အပြောအရ သူမတို့အမေရဲ့အမှုမှာ ကင်မ်ကာဒက်ရှန် ပါဝင်လာကတည်းက ဒီအမှုဖြစ်စဉ်က သိသိသာသာ မြန်ဆန်လာတယ်လို့ သိရပါတယ်။ ဂျွန်ဆင်ရဲ့ မွေးနေ့ဖြစ်တဲ့ မေလ ၃၀ ရက် မနက်က ကင်မ်ကာဒက်ရှန်ဟာ သမ္မတ ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီး ဂျွန်ဆင်အနေနဲ့ သူမဘဝမှာ ဒုတိယအကြိမ် အခွင့်အရေးရဖို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့ တွစ်တာပေါ်မှာ ရေးသားထားပါတယ်။ ဂျွန်ဆင်က ပထမဆုံးအကြိမ် မူးယစ်ဆေးဝါးအမှုနဲ့ ၁၉၉၆ ခုနှစ်က အယူခံမရဘဲ ထောင်ဒဏ်တသက်တကျွန်း ကျခံခဲ့ရပြီး သူမမိသားစုနဲ့ သူမကို ထောက်ခံသူတွေရဲ့ အပြောအရ သူမဟာ အကျဉ်းထောင်ဆေးရုံမှာ အလုပ်လုပ်တာ အပါအဝင် ထောင်ရဲ့ အစီအစဉ် တော်တော်များများမှာ တက်တက်ကြွကြွပါဝင်လို့ အကျဉ်းသားတွေရဲ့ စံပြဖြစ်နေကြောင်းလည်း သိရပါတယ်။
3 years Ago
Up