ဂျွန်စတုန်း၊ အဂွေရို၊ ဂျီးဆပ်စ်တို့၏ ဂိုးများဖြင့် မန်စီးတီးက ဖေယင်နုကို ၄ ဂိုးပြတ်ဖြင့်နိုင်

September 14, 2017

ဂျွန်စတုန်း၊ အဂွေရို၊ ဂျီးဆပ်စ်တို့၏ ဂိုးများဖြင့် မန်စီးတီးက ဖေယင်နုကို ၄ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စု အက်ဖ် အဖွင့်ပွဲစဉ်မှာ ပရီးမီးယားကလပ် မန်စီးတီးက နယ်သာလန်ကလပ် ဖေယင်နုကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု အပြတ် အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အသာရခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းက ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် ၁၀ မိနစ်မှာ တိုက်စစ်မှူး အဂွေရိုနဲ့ ၂၅ မိနစ်မှာ ဂျီးဆပ်စ်တို့က ဂိုးတွေ ဆက်တိုက်သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးမှာ မန်စီးတီးက ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာလည်း မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းက ဖေယင်နု ကစားသမားတွေကြားကနေ ခေါင်းတိုက်ပြီး လှလှပပ သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မန်စီးတီးက ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့တာပါ။ ဒီပွဲမှာ ခေါင်းတိုက်ပြီး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဂျွန်စတုန်းကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အုပ်စု အက်ဖ် နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ အီတလီကလပ် နာပိုလီတို့ ပွဲစဉ်မှာတော့ ရှက်တာဒိုးနက်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
4 years Ago
Up