ဂွါဒီယိုလာ ချီးကျူး

November 26, 2020

အိုလံပီယာကော့စ်ကို အနိုင်ရရှိခဲ့သည့်မန်စီးတီးအသင်း၏စွမ်းဆောင်ရည်ကို ဂွါဒီယိုလာ ချီးကျူး

မန်စီတီးအင်းဟာ လာမယ့်ပွဲစဉ်တွေမှာ အကောင်းဆုံး ပုံစံကို ပြန်လည်ပြသနိုင်တော့မယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။  ချန်ပီယံလိဂ်မှာ အိုလံပီယာကော့စ်အသင်းကို ၁ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိကာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အခုလို ပြောခဲ့တာပါ။ ဒီပွဲရဲ့တစ်လုံးတည်းသော အနိုင်ဂိုးကို ကွင်းလယ်လူ ဖီးလ်ဖိုဒန်က သွင်းယူပေးခဲ့ပြီး မန်စီတီးအသင်းဟာ ဒီပွဲမှာ ပြိုင်ဘက်ဂိုးပေါက်ကို ၂၂ ကြိမ်ထိ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။  ဂွါဒီယိုလာက ဒီပွဲမှာပြသခဲ့တဲ့ မန်စီတီးတစ်သင်းလုံးရဲ့ ခြေစွမ်းကို ကျေနပ်အားရနေပြီး ကစားသမားတွေဟာ အခုရာသီ အစမကောင်းခဲ့တာကနေ ရုန်းထွက်ဖို့ အဆင့်သင့်ဖြစ်နေပြီ ဆိုတာကို ပြသနေတယ်လို့ ယုံကြည်နေပါတယ်။  မန်စီတီးဟာ ပရီးမီးယားလိဂ်မှာ ရာသီစကတည်းက ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိ အချိန်မှာအဆင့် ၁၃ ကို ရောက်နေကာ ထိပ်ဆုံးက စပါးအသင်းနဲ့ ၈ မှတ်ကွာဟနေပါတယ်။ “ကျနော်တို့ နေရာစုံမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကိုတက်  ရောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် တခြားပြိုင်ပွဲတွေကို ပိုပြီး အာရုံစိုက်လို့ရပါပြီ။ ကျနော်တို့ ဂိုးတွေ ပိုသွင်းလိုနေပြီးတော့ တစ်နေ့ကျရင် စံချိန်အားလုံးကို ချိုးဖျက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ “ဒီနေ့ပွဲမှာကျနော်တို့အသင်းက ဂိုးတွေကို ပိုရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမား ၉ ယောက်လောက်ပိတ်ဆို့နေတော့ ဂိုးသွင်းဖို့ မလွယ်ကူခဲ့ပါဘူး။ တောင်ပံကစားသမားတွေကို တိုက်စစ်မှူးတွေနဲ့ နီးကပ်စွာ ကစားခိုင်းခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား၊ ဖီးလ်ဖိုဒန်နဲ့ ရာဟင်းစတားလင်းတို့ဟာ ဒီနေ့ပွဲမှာ အရမ်းကို တိုက်စစ်အား သန်ခဲ့ကြပါတယ်။ ဘင်ဂျမင် မန်ဒီ၊ ဂျာအိုကန်ဆယ်လိုတို့ဟာလည်း အရမ်းကောင်းခဲ့ပြီး ဂမ်ဒိုဝန်နဲ့ ရိုဒရီတို့ကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်။ ချုံပြောရရင်တော့ အသင်းရဲ့ စွမ်းဆောင်ရည်က ထိပ်ဆုံးအဆင့်မှာရှိနေပါတယ်” လို့ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီတီးနည်းပြက အသင်းရဲ့ ခံစစ်ကစားပုံကိုလည်း ချီးကျူးခဲ့ပါတယ်။ မန်စီတီးအသင်းရဲ့ခံစစ်ဟာ ဒီပွဲမှာ အိုလံပီယော့စ်အသင်းကို ဂိုးသွင်းခွင့် တစ်ကြိမ်သာ ခွင့်ပြုခဲ့ရ တဲ့အထိ ကျစ်ကျစ်လစ်လစ်ရှိခဲ့လို့ ဂွါဒီယိုလာက နောက်ခံလူဂျွန်စတုန်းကို ထုတ်ဖော်ချီးကျူးသွား ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမား စတုန်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းအတွက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။  မန်စီတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းကို နိုဝင်ဘာ ၂၈ ရက်နေ့ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။
5 months Ago
Up