ဂွါဒီယိုလာ

January 16, 2022

ချန်ပီယံဖြစ်ပြီဟုပြောဖို့ အချိန်စောသေးကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာ ပြော

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဖြစ်ပြီလို့ပြောဖို့ အချိန်စောသေးကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။ 

မန်စီးတီးဟာ မနေ့က ကစားသွားတဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာကချဲလ်ဆီးကို ၁၃ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ 

ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူအများစုကတော့ မန်စီးတီးပဲ ချန်ပီယံဖြစ်သွားပြီလို့ သုံးသပ်ကြပေမယ့် နည်းပြဂွါဒီယိုလာကတော့ ဘာမှာတပ်အပ်ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။ 

“ချန်ပီယံစိန်ခေါ်တဲ့အသင်းကို အနိုင်ရခဲ့လို့ အရေးပါတဲ့နိုင်ပွဲဆိုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ဇန်နဝါရီမှာ ဘယ်အသင်းမှ ချန်ပီယံဖြစ်ပြီပြောလို့ မရပါဘူး။ ချဲလ်ဆီးက ပြန်မီနိုင်သေးသလို လီဗာပူးကလည်း လက်ကျန်ပွဲတွေရှိပြီး သူတို့အနိုင်ရရင် ၈ မှတ်ပဲ ကွာဟတော့မှာပါ” လို့ ဂွါဒီယိုလာကပြောပါတယ်။ 

ဆက်လက်ပြီး ဘောလုံးပွဲတစ်ပွဲကို မျှမျှတတနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာကို ပျော်ရွှင်ကြောင်း၊ အာဆင်နယ်ကို အနိုင်ရခဲ့စဉ်ကတော့ ထိုက်တန်မှုမရှိခဲ့လို့ ချဲလ်ဆီးနဲ့ပွဲ အနိုင်ရလဒ်က ပိုပြီးကျေနပ်စရာကောင်းကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။

3 days Ago

January 2, 2022

နိုင်ပွဲရသော်လည်း ပိုကောင်းသည့်အသင်းမဟုတ်ခဲ့ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံ

အာဆင်နယ်ကို အနိုင်ရခဲ့ပေမယ့် ပိုကောင်းတဲ့အသင်းမဟုတ်ခဲ့ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကပြောသွားပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်ရဲ့ ဦးဆောင်ဂိုးသွင်းတာခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းပြီး ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တာပါ။

ဒုတိယပိုင်း ၅၉ မိနစ်မှာ အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ မန်စီးတီးကတစ်ယောက် အသာနဲ့ ကစားခဲ့ရသလို ပင်နယ်တီကန်သွင်းခွင့်လည်းရခဲ့တာပါ။ အာဆင်နယ်အသင်းကပိုကောင်းအောင် ကစားနိုင်တဲ့အသင်းဖြစ်ခဲ့ပြီး ပွဲပန်းမှုတွေကြောင့် အင်ပြည့်အားပြည့်မကစားနိုင်ခဲ့ဘူးလို့ နည်းပြဂွါဒီယိုလာကပြောပါတယ်။

“ကျနော်တို့ အင်ပြည့်အားပြည့်မကစားနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ပွဲကိုထိန်းချုပ်ဖို့ ကွင်းလယ်မှာ ကစားသမားတစ်ယောက်ထပ်ထည့်ခဲ့ရတာပါ။ လက်ရှိအချိန်မှာ ပုံစံကောင်းရနေတဲ့အသင်းကို အီမရိတ်မှာ လာကစားရတာကမလွယ်ပါဘူး။ ခက်ခဲခဲ့ပါတယ်။ ခုတော့ ကျနော်တို့ နားရက်ကောင်းကောင်းပြန်ရပါပြီ” လို့ နည်းပြဂွာဒီယိုလာကပြောသွားပါတယ်။

စီးတီးဟာ ဒီနိုင်ပွဲကြောင့်  ချဲလ်ဆီးနဲ့ လီဗာပူး ထိပ်တိုက်ပွဲစဉ်မတိုင်ခင် ချဲလ်ဆီးကို ၁၁ မှတ်၊ လီဗာပူးကို ၁၂ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

2 weeks Ago
More News
Up