အမေရိကန်သမ္မတ အိုဘားမားက ကျူးဘားနိုင်ငံမှာရှိတဲ့ ဂွာတာနာမို အကျဉ်းစခန်း ပိတ်သိမ်းဖို့အဆို အမေရိကန်လွှတ်တော်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က တင်သွင်းခဲ့ပါတယ်။
ဒီ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ဖို့ အစီအစဉ်ဟာ သမ္မတ အိုဘားမား တက်လာကတည်းက သူ့ရဲ့ အဓိကရည်မှန်းချက်တခုလည်း ဖြစ်ပါတယ်။
လက်ကျန်အကျဉ်းသား ၉၁ ဦးကို သူ့သက်ဆိုင်ရာနိုင်ငံတွေ ပြန်ပို့ရင်ပို့၊ မဟုတ်ရင်လည်း အမေရိကန်ပြည်ထောင်စုက အရပ်ဘက်၊ စစ်ဘက် အကျဉ်းထောင်တွေမှာ ပြောင်းရွှေ့ချင်တာပါ။
ဒါပေမယ့် အမေရိကန်လွှတ်တော်ကတော့ ဒီအကြမ်းဖက်လို့ သံသယရှိသူတွေကို အမေရိကန်ပြည်ထောင်စု မြေပေါ်ထဲကို ခေါ်သွင်းမှာ လုံးဝဆန့်ကျင်ကြပြီး အခုတင်သွင်းလိုက်တဲ့ အဆိုကိုလည်း ကန့်ကွက်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီ ဂွာတာနာမို အကျဉ်းစခန်း တနှစ်ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄၄၅ သန်းရှိပြီး အဲ့ဒီအကျဉ်းစခန်းကို ပိတ်ပစ်ဖို့ကိုလည်း ၂၀၀၉ ခုနှစ်ကတည်းက သမ္မတအိုဘားမား ကတိပေးလာတာ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်ကစပြီး အကျဉ်းသားစုစုပေါင်း ၇၈၀ ကို ထိန်းသိမ်းခဲ့တဲ့ အကျဉ်းစခန်းဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက အစဉ်တစိုက် ပြစ်တင်ဝေဖန်နေကြတာပါ။
ဒီအကျဉ်းစခန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ထိခိုက်စေတယ်လို့ သမ္မတ အိုဘားမားက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
5 years Ago