ဂွါတီမာလာထောင်

March 22, 2017

ဂွါတီမာလာထောင် လုံခြုံရေးတပ်ဖွဲ့များ ၀င်စီး၊ ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

ဂွါတီမာလာနိုင်ငံမြို့တော်မှာ ထောင်အစောင့်တွေကို ထောင်ကျမူးယစ်ဂိုဏ်းသားတွေက ဓားစာခံဖမ်းဆီးခဲ့ကြလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၀င်ရောက်စီးနင်းခဲ့ကြပါတယ်။ ပြန်လည်ကယ်ဆယ်ရရှိခဲ့တဲ့ ဓားစာခံ ၄ ဦးထဲမှာ တဦးကတော့ သေဆုံးသွားပြီး ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ဂွါတီမာလာမြို့တော် လူငယ်ထောင်ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ၁၈ လမ်း ရာဇ၀တ်ဂိုဏ်းသားတွေက ထိန်းချုပ်ခဲ့ကြပြီး အစောင့် ၂ ဦးကို သတ်ဖြတ်ပစ်ခဲ့တာပါ။ တနင်္ဂနွေနေ့က မွေ့ရာတွေကို မီးရှို့ကာ ထောင်ဆူခဲ့ကြပြီး တချို့ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ အကျဉ်းသားတွေ တောင်းဆိုခဲ့ကြတာကတော့ တခြားထောင်တွေမှာ အကျဉ်းကျနေတဲ့ ၁၈ လမ်းဂိုဏ်းဝင်တွေကို ဒီ လူငယ်ထောင်မှာ ပြောင်းရွှေ့ပေးဖို့၊ သူတို့ကိုယ်တိုင် ချက်စားဖို့ ဒါမှမဟုတ် အပြင်အက အစားအသောက်တွေကို သွင်းခွင့်ပေးဖို့ တောင်းဆိုကြတာပါ။ ဒီထောင်ဆူပူမှုမှာ အခြားဂိုဏ်းဝင်တွေ ပူးပေါင်းဖို့၊ မပူးပေါင်းရင် သတ်ဖြတ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြပါတယ်။ ဂွါတီမာလာအကျဉ်းထောင်တွေဟာ အခုလို မူးယစ်ရာဇ၀တ်ဂိုဏ်းသားတွေနဲ့ ပြည့်နေတတ်ပြီး ထောင်တွင်းဆူပူတွေလည်း မကြာမကြာဖြစ်ပွားတာပါ။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကလည်း မြို့တော်က ကျောင်းဆောင်တခု ဆူပူမီးရှို့မှုဖြစ်ခဲ့ပြီး ဆယ်ကျော်သက်ကျောင်းသူ အယောက် ၄၀ သေဆုံးခဲ့တဲ့အတွက် ဒီအချက် ၂ ချက်နဲ့ပဲ ဂွါတီမာလာကျောင်းသားလူငယ်တွေကို ပြုပြင်ထိန်းသိမ်းရေး ဘယ်လောက်အားနည်းနေတယ်ဆိုတာ တွေ့ရှိနိုင်တယ်လို့ လူငယ်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုပါတယ်။
5 years Ago
Up