ဂွါတီမာလာဆေးရုံကို ရာဇဝတ်ဂိုဏ်း စီးနင်း၊ အနည်းဆုံး လူ ၇ ဦး သေဆုံး

August 17, 2017

ဂွါတီမာလာဆေးရုံကို ရာဇဝတ်ဂိုဏ်း စီးနင်း၊ အနည်းဆုံး လူ ၇ ဦး သေဆုံး

ဂွါတီမာလာနိုင်ငံ ဂွါတီမာလာမြို့ရှိ ဆေးရုံတခုကို ရာဇဝတ်ဂိုဏ်းတဂိုဏ်းက  သြဂုတ် ၁၆ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့လို့ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူ ၇ ဦးထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဆေးရုံဝန်ထမ်းတဦး ပါဝင်တယ်လို့ ဒဏ်ရာရလူနာတွေကို အရေးပေါ်ပြောင်းရွှေ့ပေးနေတဲ့ San Juan de Dios ဆေးရုံ ညွှန်ကြားရေးမှူးက ပြောပါတယ်။ MS-13 ဂိုဏ်းအဖြစ် နာမည်ကြီးတဲ့ မာရာ ဆယ်လ်ဗာထရူချာ (Mara Salvatrucha) ရာဇဝတ်ဂိုဏ်းဟာ ဂွါတီမာလာ အပါအဝင် အမေရိက အလယ်ပိုင်းနိုင်ငံတွေမှာ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်လေ့ရှိပါတယ်။ သြဂုတ် ၁၆ ရက်နေ့ကတော့ ၂၀၁၃ ခုနှစ်ကတည်းက ဖမ်းဆီးထားတဲ့ MS-13 ဂိုဏ်းအဖွဲ့ဝင်  အန်ဒါစန် ဒန်နီယယ် ကာဘရီရာ (Anderson Daniel Cabrera) ကို ရဲတပ်ဖွဲ့က ဂွါတီမာလာမြို့ ရုစ်ဗဲ့လ်တ် (Roosevelt) ဆေးရုံမှာ ဆေးလာစစ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး MS-13 ဂိုဏ်းသား အတော်များများက လက်နက်အပြည့်အစုံနဲ့ ဝင်တိုက်ခဲ့ပြီးနောက် သူတို့အဖွဲ့ဝင် ကာဘရီရာကို ကယ်ထုတ်သွားခဲ့ပါတယ်။ "မာရာ ဆယ်လ်ဗာထရူချာဂိုဏ်းက လူသတ်သမားအုပ်စုဟာ ရုစ်ဗဲ့လ်တ်ဆေးရုံမှာ တက်နေတဲ့ သူတို့အဖွဲ့ဝင် အကျဉ်းသားကို လုယူဖို့အတွက် ဆေးရုံကို တိုက်ခိုက်ခဲ့တယ်။ လူသတ်သမားတွေဟာ ခေတ်မီလက်နက်တွေကို အသုံးပြုခဲ့တယ်။ ဒီ့အတွက် လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်။ လူသတ်ဂိုဏ်းသား ၅ ဦးကို ကျနော်တို့ ဖမ်းဆီးထားပါတယ်” လို့ ဂွာတီမာလာသမ္မတ ဂျင်မီမိုရားလက်စ်က ရှင်းပြခဲ့ပါတယ်။ ဒီ့နောက်ဆက်ပြီး “အမေရိက အလယ်ပိုင်းနိုင်ငံတွေမှာရှိတဲ့ မိသားစုတွေကို နေ့တိုင်း ဒုက္ခပေးနေတဲ့ ဒီရာဇဝတ်သားတွေကို နှိမ်နင်းဖို့အတွက် အယ်လ်ဆာဗေးဒိုး၊ ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနဲ့ အမေရိကန်ပြည်ထောင်စုတို့ လက်တွဲ အလုပ်လုပ်နေပါတယ်။ သူတို့ဟာ မူးယစ်မှောင်ခိုကူးမှု၊ အုပ်စုဖွဲ့ရမ်းကားမှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ လက်နက်မှောင်ခိုမှုတွေကို ကျူးလွန်နေပါတယ်" လို့လည်း သမ္မတက ပြောသွားပါတယ်။
4 years Ago
Up