ဂွါတီမာလာနိုင်ငံ ဂွါတီမာလာမြို့တော်နားက မြို့လေးမှာ စက်တင်ဘာ ၇ ရက်က မိုးသည်းပြီး ရွှံ့မြေတွေ ပြိုကျခဲ့လို့ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ အရးပေါ်လုပ်သားတွေက ပြောပါတယ်။
မြို့တွင်းက အိမ်အတော်များများ ပျက်စီးပြီး လူအယောက် ၅၀ လောက် ထိခိုက်ခဲ့တယ်လို့ အမျိုးသား အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ ပြောခွင့်ရ ဒေးဗစ် ဒေလီယွန်က သတင်းထောက်တွေကို ပြောပါတယ်။
စက်တင်ဘာ ၆ ရက် မိုးသည်းအပြီး ရေစီးရေလာကောင်းအောင် လုပ်ထားတာမရှိလို့ ရေတွေ စုအိုင်လာပြီး နောက်ဆုံး ရွှံ့မြေတွေ ပြိုကျခဲ့တာလို့ သူက ဆက်ပြောပါတယ်။
အပျက်အစီးတွေကို ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ရှင်းနေကြပါပြီ။
အလယ်အမေရိကနိုင်ငံဖြစ်တဲ့ ဂွါတီမာလာမှာ မိုးရာသီအတွင်း ရေကြီးတာနဲ့ ရွှံ့မြေပြိုတာတွေ ဖြစ်လေ့ရှိပါတယ်။
မနှစ်ကလည်း မြို့တော်ရဲ့ အရှေ့တောင်ဘက်က စန်တာ ကာတာရီနာ ပီနူလာဒေသမှာ ရွှံ့မြေပြိုလို့ လူအယောက် ၃၀၀ နီးပါး သေဆုံးခဲ့ပါသေးတယ်။
4 years Ago