ဂျွန်နီဒပ်

November 3, 2020

သဆန်းသတင်းစာအပေါ် တရားစွဲထားသည့်အမှု သရုပ်ဆောင် ဂျွန်နီဒပ် ရှုံးနိမ့်

ဟောလိဝုဒ် သရုပ်ဆောင် ဂျွန်နီဒပ်ဟာ သဆန်းသတင်းစာ ထုတ်ဝေသူ News Group Newspapers သတင်းစာတိုက်နဲ့ သတင်းထောက်တို့အပေါ် တရားစွဲထားတဲ့ အမှု  ရှုံးနိမ့်ခဲ့ပါတယ်။ သရုပ်ဆောင် ဂျွန်နီဒပ်ဟာဒပ်ဟာ ဇနီးသည်ကို ရိုက်နှက်ခဲ့သူဖြစ်တဲ့ အကြောင်း သဆန်းသတင်းစာက ထုတ်ဖော်ရေးသားခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး ဂျွန်နီဒပ်က သဆန်းသတင်းစာ ထုတ်ဝေသူ News Group Newspapers သတင်းစာတိုက်နဲ့ သတင်းထောက် ဒန်ဝပ်တွန်တို့ကို တရားစွဲခဲ့တာပါ။ ၂၀၁၈ ခုနှစ်ထုတ် သတင်းဆောင်းပါးထဲမှာ ဂျော်နီဒပ်ဟာ ဇနီးဟောင်း အမ်ဘာဟာ့ဒ်ကို အကြမ်းဖက်ခဲ့တယ်လို့ အခိုင်အမာ စွပ်စွဲထားပါတယ်။ သတင်းစာရဲ့ စွဲချက်တွေဟာ တစိတ်တပိုင်း မှန်ကန်တယ်လို့ တရားရုံးချုပ် တရားသူကြီးက ဆုံးဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနကရေးပါတယ်။ လန်ဒန်မြို့က အိုးလ်ဒ်ဘိုင်လေ ရာဇဝတ်မှုတရားရုံးက တရားသူကြီး အန်ဒရူးနီကိုးလ်က ဒပ်နဲ့ ဟာ့ဒ်တို့ရဲ့ အိမ်ထောင်ရေး၊ စွပ်စွဲချက်တွေ၊ ဒပ်ရဲ့ အပျော်အပါး လိုက်စားတဲ့ ဘဝနေထိုင်မှု ပုံစံ၊ အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှုတွေနဲ့ပတ်သက်တဲ့ သက်သေတွေကို သီတင်းပတ် ၃ ပတ်ကြာ ကြားနာခဲ့ပါတယ်။ ကြားနာပွဲမှာ ဟာ့ဒ်က ဒပ်ဟာ သူ့ကို လည်ပင်းညှစ်တာ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ ခေါင်းကို ဆောင့်တာ ခြေနဲ့ကန်တာအပြင် အသက်ရှူမရအောင် ပိတ်ထားတာတွေ အပါအဝင် အစွန်းရောက် အကြမ်းဖက်မှု ၁၄ ကြိမ် ကျူးလွန်ခဲ့ပြီး သတ်ပစ်မယ်လို့ ခဏခဏ ခြိမ်းခြောက်ခဲ့တယ်လို့ အသေးစိတ် ထွက်ဆိုခဲ့ပါတယ်။ ဒပ်ကတော့ ဟာ့ဒ်ရဲ့ ပြောဆိုချက်တွေဟာ ချဲ့ကားထားတယ်၊ ဟာ့ဒ်ဟာ သိုက်တူးသမား ဖြစ်တယ်၊ သူ့ကို ဗော့ဒ်ကာ အရက်ပုလင်းနဲ့ ပစ်ပေါက်ခဲ့လို့ လက်ချောင်း ထိပ်ဖျား ပြတ်သွားခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။  အသက် ၅၇ နှစ်အရွယ်  ဒပ်ဟာ သဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးတဲ့ ထင်မြင်ချက် စာသားအတွက် အသရေဖျက်မှုနဲ့  ဟာ့ဒ်ကို ဗာဂျီးနီးယား တရားရုံးမှာ တရားစွဲဖူးပြီး အမှုရှုံးလို့ အမေရိကန်ဒေါ်လာ သန်း ၅၀ ဒဏ်တပ်ခံရဖူးပါတယ်။
1 year Ago
Up