ဝါရင့်ဟောလိဝုဒ် သရုပ်ဆောင်မင်းသား ဂျွန်နီဒက်ပ်သီဆိုပြီး အင်စတာဂရမ်ပေါ်မှာ မျှဝေထား ခဲ့တဲ့ သီချင်းတပုဒ်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ ပုံမှန်အားဖြင့်တော့ အင်တာနက်လူမှု ကွန်ရက်တွေ သုံးလေ့မရှိ ခပ်ဝေးဝေးသာ နေလေ့ရှိတာမို့ ဒီသီတင်းက ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာပါ။ လတ်တလောမှာတော့ အနုပညာရှင်တွေ အတော်များများဟာ COVID-19 ကပ် ဘေးကာလ အိမ်မှာနေကြရတဲ့ ကမ္ဘာတလွှားပြည်သူတွေကို အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှ တဆင့် ချိတ်ဆက်ဖျော်ဖြေမှုတွေ လုပ်လာကြချိန်မှာ ဂျွန်နီဒက်ပ်ကလည်း တစိတ်တပိုင်းပါ ဝင်လာခဲ့တာပါ။ 'Pirates of the Caribbean' ရုပ်ရှင်စတားဟာ သူ့ရဲ့ ပထမဆုံးသော အင်စတာဂရမ်ပို့စ်အနေနဲ့ သူ့ကို နှစ်ပေါင်းများစွာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင် ကြောင်း ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ သူစတင်အသုံးပြုပြီး နာရီပိုင်းအတွင်းမှာပဲ အင်စတာဂရမ်ပေါ်မှာ ပရိသတ် (Followers) ၂ သန်းနီးပါး ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ သူသီဆိုပြခဲ့တဲ့ သီချင်းကတော့ Isolation အမည်ရတဲ့ သီချင်းတပုဒ်ဖြစ်ပြီး ဒီသီ ချင်းကိုတော့ ဝါရင့်ဂစ်တာသမားကြီး Jeff beck ရဲ့ တီးခတ်မှုနဲ့အတူ အသံဖမ်းထားတယ်လို့ ဆိုပါတယ်။ Isolation သီချင်းဟာ ၁၉၇၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ ဝါရင့်အဆိုတော်ကြီး John Lennon ရဲ့ ပထမဆုံးသောတေးအယ်လ်ဘမ်ထဲက သီချင်းတပုဒ်ဖြစ်ပြီး ဒီသီချင်းစာသားတွေဟာ သန့်စင်တဲ့ ကဗျာစာသားတွေလိုပဲလို့ ဂျွန်နီဒက်ပ်က ပြောခဲ့ပါတယ်။