ဂျဲဘာဆိုနာရို

October 29, 2019

ဘရာဇီးသမ္မတ ဂျဲဘာဆိုနာရို ပင်လယ်ကွေ့ဒေသကို ချစ်ကြည်ရေးခရီးသွားရောက်

ဘရာဇီး သမ္မတ ဂျဲဘာဆိုနာရိုဟာ ပင်လယ်ကွေ့ဒေသက နိုင်ငံတွေကို ပထမဆုံးအနေနဲ့ ချစ်ကြည်ရေးခရီး သွားရောက်နေပါတယ်။ အောက်တိုဘာ ၂၇ရက်မှာ ယူအေအီးနိုင်ငံ မြို့တော် အဘူဒါဘီကို ရောက်လာပြီး သမ္မတ ဘာဆိုနာရိုကို  ယူအေအီးအိမ်ရှေ့မင်းသားက သမ္မတ နန်းတော်မှာ လက်ခံကြိုဆိုခဲ့ပြီး ယူအေအီးကနေတဆင့် ကာတာနိုင်ငံနဲ့ ဆော်ဒီအာရေဗျ နိုင်ငံကိုလည်း ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။  ဘရာဇီးသံရုံးကို ဂျေရုဆလင်မြို့ဆီ ရွှေ့ပြောင်းမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်က အာရပ်နိုင်ငံတွေနဲ့ သံတမန် ဆက်ဆံရေး ယိုယွင်းခဲ့တဲ့ အခြေအနေကို ပြန်ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ ဘရာဇီး သမ္မတဟာ ပင်လယ်ကွေ့သုံးနိုင်ငံ ခရီးစဉ် စတင်ခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ပါလက်စတိုင်းဟာ နိုင်ငံတခုမဟုတ်ဘူး။ ဒါ့ကြောင့် ဘရာဇီးနိုင်ငံ ဘရာစီလီယာမှာ သံရုံးတခုအနေနဲ့ မရှိသင့်ဘူးလို့ ဘာဆိုနာရိုက ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါတယ်။  ယူအေအီး၊ ကာတာနဲ့ ဆော်ဒီအာရေဗျ စတဲ့ အာရပ်သုံးနိုင်ငံက ဖိတ်ကြားမှုဟာ အရင်က ပြဿနာတွေ ပြေလည်သွားပြီဆိုတဲ့ သက်သေပဲလို့ ဘရာဇီးနိုင်ငံရေး ဝန်ကြီးဌာနရဲ့ အရှေ့အလယ်ပိုင်း ၊ ဥရောပနဲ့ အာဖရိက ညှိနှိုင်းရေးဆိုင်ရာ အတွင်းရေးမှူး ကန်နေ နော်ဘရေဂတ်က ပြောပါတယ်။ ဒါ့အပြင် အဲဒီခရီးစဉ်အတွင်း သမ္မတ ဘာဆိုနာရိုဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက်လည်း ကြိုးစားသွားမယ်လို့ နော်ဘရေဂတ်က ပြောပါတယ်။
2 years Ago
Up