ဂျော်ဒန်ဘုရင်

September 28, 2020

ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ လွှတ်တော်ကို ဖျက်သိမ်း

ဂျော်ဒန်နိုင်ငံမှာ နိုဝင်ဘာရွေးကောက်ပွဲအတွက် လမ်းကြောင်းပြင်တဲ့အနေနဲ့ ဘုရင် အဗ္ဗဒူလာက လွှတ်တော်ကို စက်တင်ဘာ ၂၇ ရက်မှာ ဖျက်သိမ်းလိုက်တယ်လို့ အရာရှိတွေက ပြောပါတယ်။  အခြေခံဥပဒေစည်းမျဉ်းအရ အစိုးရဟာလည်း သီတင်းပတ် တပတ်အတွင်း နုတ်ထွက်ရ မှာပါ။  လွှတ်တော် ၄ နှစ်သက်တမ်း အဆုံးသတ်ချိန်မှာ ပြည်လုံးကျွတ် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပဖို့ ဘုရင်က ဆော်သြအပြီး ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၀ ရက်ကို ရွေးကောက်ပွဲ ကျင်းပမယ့်ရက်အဖြစ် ဇူလိုင်လက သတ်မှတ်ကြေညာခဲ့တာပါ။  စက်တင်ဘာ ၂၈ ရက်က စတင်သက်ရောက်တဲ့ လွှတ်တော် ဖျက်သိမ်းဖို့ တော်ဝင်အမိန့်စာ ကို ဘုရင်က ထုတ်ပြန်ခဲ့တာပါ။  လွှတ်တော်ထဲမှာ အစိုးရလိုလားတဲ့ မျိုးနွယ်စု အရာရှိတွေ၊ စီးပွားရေးသမားတွေနဲ့ လုံခြုံရေးအရာရှိဟောင်းတွေ အများစုအပါအဝင် အမတ်အယောက် ၁၃၀ ရှိနေပါတယ်။  အရာရှိတွေရဲ့ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု ပိုဆိုးလာတဲ့အပေါ် မကျေနပ်ချက်တွေကြောင့် အစိုးရအဖွဲ့ ပိုကျယ်ကျယ်ပြန့်ပြန့် လှုပ်ခတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့ လုပ်ရပ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။  ဂျော်ဒန်နိုင်ငံမှာ ဘုရင်က သြဇာ အရှိဆုံးဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေကို ခန့်အပ်တာ၊ ဥပဒေ အတည်ပြုတာတွေကို ဆောင်ရွက်ပါတယ်။   
8 months Ago
Up