ဂျော်ဂျီယာပြည်နယ်

November 19, 2020

အမေရိကန် ဂျော်ဂျီယာပြည်နယ်တွင် ရွေးကောက်ပွဲမဲရလဒ် ပြန်ရေတွက်

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရလဒ်နဲ့ပတ်သက်လို့ နိုဝင်ဘာ ၁၈ ရက်က  ဂျော်ဂျီယာ ပြည်နယ်မှာ လူအင်အားနဲ့ မဲအမြောက်အများ ပြန်ရေတွက်နေပါတယ်။  တချိန်တည်းမှာပဲ မြို့တော်အတ္တလန်တာက ပြည်နယ်လွှတ်တော်ရှေ့မှာ သမ္မတ ထရမ့်ကို ထောက်ခံသူတွေ  စုဝေးဆန္ဒပြခဲ့ပါတယ်။  အမေရိကန် အလံနဲ့ သမ္မတထရမ့်ရုပ်ပုံတွေ စာတန်းတွေ ကိုင်ပြီး အတော်များများ နှာခေါင်း စည်းတပ်မထားတဲ့ လူအုပ်ကြီးက "မဲခိုးတာတွေ ရပ်"ဆိုပြီး ဟစ်ကြွေးနေကြတာပါ။  ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်က သမ္မတ ထရမ့်ထက် မဲအရေ အတွက် ၁၄,၀၀၀ အသာနဲ့ ဦးဆောင်နေပါတယ်။  ဂျော်ဂျီယာပြည်နယ်အစိုးရ ညွှန်ကြားတဲ့ လူအင်အားနဲ့ မဲပြန်ရေတွက်တာက ဘိုင်ဒင် ဦးဆောင်မှုနဲ့အကြိတ်အနယ် မစ်ရှီဂန်ပြည်နယ် မဲရလဒ်တွေကို  ချေဖျက်နိုင်မယ်လို့ သမ္မတ ထရမ့်က မျှော်လင့်ချက် စွဲကိုင်ထားကြပါတယ်။  ဂျော်ဂျီယာ မဲပေးစနစ် အကောင်အထည်ဖော်ရေး မန်နေဂျာ ဂေဘရီရယ်စတာလင်ကတော့  "စုံစမ်းရေးမှူးတွေက မဲလိမ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို စုံစမ်းနေပြီး ရွေးကောက်ပွဲတိုင်းမှာ မဲလိမ်တာတွေ အနည်းအကျဥ်းရှိတယ်" လို့ ဆိုပါတယ်။ "ဒါပေမဲ့ မဲလိမ်မှုက ဂျော်ဂျီယာရွေးကောက်ပွဲ မဲရလဒ်အပေါ် ပြောင်းလဲနိုင်မယ့် အထောက်အထားမရှိဘူး"လို့ စတာလင်က ဆိုပါတယ်။  အမေရိကန်ပြည်နယ်တွေအနေနဲ့ ဒီဇင်ဘာ ၈ ရက်အမီ  ရွေးကောက်ပွဲရလဒ်တွေ မှန်ကန် ကြောင်း သမ္မတ ရွေးချယ်ခန့်ထားရေးအဖွဲ့ကို တင်ပြရမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
2 years Ago

August 2, 2020

ဂျော်ဂျီယာပြည်နယ်ရှိ လူငယ်စခန်းတွင် လူ  ၂၆၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က ညအိပ် စတည်းချတဲ့ လူငယ်စခန်းတခုမှာ အချိန် သီတင်းပတ် တပတ်ခွဲအတွင်း ဝန်ထမ်းနဲ့ စခန်းချနေထိုင်သူ ၄၄ ရာခိုင်နှုန်းထက်မနည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ရောဂါထိန်းချုပ်ရေးဌာန CDC က ပြောပါတယ်။ အတ္တလန္တာမြို့မြောက်ဘက် မိုင် ၁၀၀ အကွာ ရာဘန်းမြို့နယ်က ဟိုက်ဟာဘာစခန်းမှာ ကလေးနဲ့ ဝန်ထမ်း ၂၆၀ ကျော်ကို ဗိုင်းရပ်စ်ကူးစက်ခဲ့တာလို့ NBC သတင်းဌာနကို ကိုးကားပြီး သြဂုတ် ၂ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီစခန်းဟာ သန့်ရှင်းရေးနဲ့ ပိုးသတ်ရေး လုပ်ဆောင်ချက်တွေကြောင့် CDC ရဲ့ ထောက်ခံချက် ရထားပေမယ့် စခန်းချတဲ့လူတွေက ပါးစပ်နှာခေါင်းစည်းတွေကို မဝတ်သလို လေဝင် လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ တံခါးပေါက်တွေကို ဖွင့်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။ စခန်းမချခင်က ဝန်ထမ်းတွေနဲ့ လူငယ်တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရတာ ရှိ၊ မရှိ စမ်းသပ်ခဲ့ကြပြီး စခန်းမဝင်ခင်က ကူးစက်ခံမထားရဘူးလို့လည်း အစီရင်ခံစာတွေက ပြောပါတယ်။ စခန်းဝင် နေသူတယောက်မှာ ရောဂါလက္ခဏာ စပြတာနဲ့ စခန်းကိုပိတ်ချခဲ့ပြီး လူအားလုံး ဆေးစစ်ဖို့ ဂျော်ဂျီယာပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ပြောခဲ့တယ်လို့ CDC အစီရင်ခံစာက ဆိုပါတယ်။ အမေရိကန်မှာ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ လူနာ ၄ ဒသမ ၇ သန်း သေဆုံးသူ ၁ သိန်းခွဲကျော်နေပြီလို့ သိရပါတယ်။ တကမ္ဘာလုံးအနေနဲ့ ကူးစက်ခံဦးရေဟာ ၁၈ သန်းကျော်နဲ့ သေဆုံးသူ ၆၈၈,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
2 years Ago
Up