ဂျူးဆယ်ကျော်သက်

September 17, 2020

ပါလက်စတိုင်း မိသားစုအားသတ်ဖြတ်မှု၌ကူညီသူ ဂျူးဆယ်ကျော်သက်ကို ထောင်ဒဏ် ၃ နှစ်ခွဲချ

အစ္စရေးတရားရုံးက ဂျူးအခြေချနေထိုင်သူ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် ၁ ဦးကို စက်တင်ဘာ ၁၆ ရက်မှာ ထောင်ဒဏ် ၃ နှစ်ခွဲ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။  သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်း ဇနီးမောင်နှံနဲ့ ကလေးငယ်တို့အား ၂၀၁၅ ခုနှစ် မီးရှို့မှုအတွင်း သတ်ဖြတ်ရာမှာ ကူညီမှုနဲ့ ခုလိုစီရင်တာပါ။  ၂၀၁၄ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်သွားပြီးနောက် ၂၀၁၅ ခုနှစ်အတွင်း ပါလက်စတိုင်းက ဒါဝဘ်ရှားတို့ ဇနီးမောင်နှံနဲ့ ၁၈ လသား ကလေးငယ်တို့ ဒူးမားရွာမှာ အသတ်ခံရမှုဟာ အစ္စရေး ပါလက်စတိုင်း အကြမ်းဖက်မှုကို အရှိန်မြင့်စေခဲ့တာပါ။ မီးရှိုးမှုဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ဇနီးမောင်နှံရဲ့ သားတယောက်လည်း ဆိုးဆိုးရွားရွား မီးလောင်ဒဏ်ရာတွေနဲ့ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။  လူသတ်မှုကို ကူညီသူဟာ အဲဒီအချိန်က အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။  သူဟာ ထောင်ထဲမှာ ၂ နှစ် ၈ လ နေခဲ့ပြီးဖြစ်လို့ ၂၀၂၁ မတ်လလောက်မှာ ထောင်ကနေ ပြန်လွတ်မှာ ဖြစ်ပါတယ်။  လူသတ်မှု ကျူးလွန်သူ အသက် ၂၁ နှစ်အရွယ် ဂျူးအမျိုးသား အမ်မရမ် ဘန်အူလေကိုတော့ လူသတ်မှု ၃ မှု၊ လူသတ်ဖို့ ကြိုးစားမှု ၂ မှုတို့နဲ့ လူမျိုးရေးအခြေပြု ရာဇဝတ်မှု ကျူးလွန်ကြောင်း တရားရုံးက မေလထဲမှာ ဆုံးဖြတ်ခဲ့ပါတယ်။  ခရိုင်တရားရုံးက ဘန်အူလေကို လူသတ်မှု ၃ မှု အတွက် တသက်တကျွန်းထောင်ဒဏ် ၃ ကြိမ်နဲ့ လူသတ်ဖို့ ကြိုးစားမှု အတွက် ထောင်ဒဏ် နှစ် ၂၀ ကို သီးခြားစီ ကျခံဖို့ တနင်္လာနေ့က စီရင်ချက် ချခဲ့တာပါ။ အစ္စရေးရဲ့ ရှင်းဘတ် ပြည်တွင်းလုံခြုံရေးဌာနက သူ့ကို စစ်မေးအပြီးမှာ တရားရုံးစီရင်ချက် ဟာ ဂျူးအကြမ်းဖက်ဝါဒဆန့်ကျင်ရေးအရေးပါတဲ့ မိုင်တိုင်တရပ်အဖြစ် ကောင်းချီးပေးခဲ့ပါတယ်။ ဒါပေမယ့် ပါလက်စတိုင်းတွေကတော့ အစ္စရေးဟာ ဂျူးစစ်သွေးကြွတွေ အပေါ် နှိမ်နင်းရာမှာ နှေးကွေးလေးလံ လွန်းတယ်လို့ ရှုမြင်ပါတယ်။ အာရပ်တွေ ကျူးလွန်တဲ့အကြမ်းဖက်မှုတွေကို လုံခြုံရေးတပ်တွေက သေလောက်အောင် တုံ့ပြန်ရာမှာ သုံးတဲ့ အရှိန်အဟုန်နဲ့လည်း နှိုင်းယှဉ်ပြခဲ့ကြပါတယ်။
1 year Ago
Up