ဂျီအမ် မော်တော်ကားကုမ္ပဏီက ထုတ်လုပ်တဲ့ အသက်ရှူအထောက်အကူပြုကိရိယာတွေဟာ ပထမဆုံးအသုတ်အနေနဲ့ ဧပြီ ၁၇ ရက်က အမေရိကန်နိုင်ငံ ချီကာဂိုဆေးရုံ ရောက်လာပြီး ဆေးရုံဝန်ထမ်းတွေက လက်ခုပ်တီး ကြိုဆိုခဲ့ပါတယ်။
ချီကာဂိုမြို့ရှိ ဗိုက်စ် အောက်မေ့ဘွယ်ဆေးရုံဟာ VOCSN V+Pro အရေးပေါ်သုံး အသက်ရှူကိရိယာ ၁၀ လုံးကို လက်ခံရရှိခဲ့ပါတယ်။ နောက်ထပ် ၁၀ လုံးကိုလည်း အီလီနွိုက်ပြည်နယ် အိုလံပီယာဖီးလ်မြို့က ဖရန်စစ်ကန် ယာယီဆေးရုံဆီ ပို့ဆောင်ပေးမှာပါ။
ဒါ့အပြင် အသက်ရှူကိရိယာ ၃၄ လုံးကိုလည်း UPS ကုမ္ပဏီက ချီကာဂိုလေဆိပ်မှာရှိတဲ့ အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီကို ပို့ဆောင်ပေးသွားမှာပါ။
ဒါဟာ အမေရိကန် ကျန်းမာရေးဝန်ကြီးဌာနကနေ ဂျီအမ်ကုမ္ပဏီကို ချပေးတဲ့ ကန်ထရိုက် တစိတ်တပိုင်း ဖြစ်ပါတယ်။
ဒီကန်ထရိုက်ဟာ သြဂုတ်လကုန်အထိ အသက်ရှူကိရိယာ (ventilator) အလုံး သုံးသောင်း ထုတ်လုပ်ပေးဖို့ ဖြစ်ပြီး ကန်ထရိုက်တန်ဖိုး အမေရိကန် ဒေါ်လာ ၄၈၉ ဒသမ ၄ မီလီယံ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago